သေဒဏ်ကျနိုင်ကျဉ်းအချို့နှင့် PDFများအပါအဝင် ၉ ဦး တောင်ငူ‌ထောင်အထူးတရားရုံးလုံခြုံရေးအဖွဲ့ကို တိုက်ခိုက် ထွက်ပြေး လွတ်မြောက်

By ရွှေနွယ်( မဇ္ဈိမ )
19 May 2023
သေဒဏ်ကျနိုင်ကျဉ်းအချို့နှင့် PDFများအပါအဝင် ၉ ဦး တောင်ငူ‌ထောင်အထူးတရားရုံးလုံခြုံရေးအဖွဲ့ကို တိုက်ခိုက် ထွက်ပြေး လွတ်မြောက်

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့အပါအဝင် တောင်ငူအကျဥ်းထောင်မှ  နိုင်ငံရေးအကျဉ်းသား ဆယ်ဦးက ထောင်လုံခြုံရေးအဖွဲ့ကို တိုက်ခိုက်ထွက်ပြေးလာခဲ့ရာတစ်ဦး ပြန်ဖမ်းမိသွားပြီး ကိုးဦးသည် ဘေးကင်းရာနေရာသို့ ရောက်ရှိပြီဖြစ်ကြောင်း ပဲခူးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သတင်းရရှိသည်။ 

တောင်ငူအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော  နိုင်ငံရေးအကျဉ်းသား ၁၀ ဦးသည် ယမန်နေ့ မေလ ၁၈ရက် နေ့လယ် ၂ နာရီခန့်တွင်  တောင်ငူထောင်တွင်းတရားရုံး၌ ရုံးထုတ်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ သေနတ်ကို လုယူပြီး တိုက်ခိုက်ထွက်ပြေးခဲ့ခြင်းဖြစ်သည်။ 

" ကိုးဦး လွတ်မြောက်ရာကိုရောက်ပါပြီ" ဟု သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ မေလ ၁၉ရက်တွင် မဇ္ဈိမကို အတည်ပြုပြောကြားသည်။

တောင်ငူခရိုင်မှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း ၎င်းတို့၏ရဲဘော်ရဲဘက်များလွတ်မြောက်ရေးအတွက် အချိတ်အဆက်မိမိဆောင်ရွက်နိုင်ခဲ့သည်ဟု ပြောသည်။

" သူတို့ထွက်လာတာနဲ့ဒီဘက်ကသွားစောင့်ကြိုနေကြပါတယ်။ တော်တော်လေးအကွက်ကျပါတယ်" ဟုဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တိုက်ခိုက်၍ထွက်ပြေးလာကြသူ ၁၀ ဦးတွင် အမျိုးသမီးတစ်ဦးပါဝင်ပြီး အားလုံးသည်  အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြစ်သော ၄၉ (က)/ ၅၀ (က)/ ၅၀ (ည)/ ၅၁ (ဂ)/ ၅၂ (က) တို့ဖြင့် တရားစွဲဆိုခံရသူများဖြစ်သည်ဟု သိရှိရသည်။  ၁၀ဦးအနက် သုံးဦးသည် သေဒဏ်ကျနိုင်ငံရေးအကျဉ်းသားများဖြစ်သည်ဟု မဇ္ဈိမမှ စုံစမ်းသိရှိရသည်။

" မှန်ပါတယ်။ သုံးဦးက သေဒဏ်ကျပြီးသား ရဲဘော်ရဲဘက်တွေပါ။ အခု စစ်တပ်ဘက်ကလည်း ပိတ်ဆို့ရှာဖွေနေတယ်။ ဒါပေမယ့် ကိုယ့်လူတွေ အန္တရာယ်ကင်းတဲ့နေရာကိုရောက်နေပါပြီ"ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

၎င်းတို့ ၁၀ ဦးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ထောင်ဝန်ထမ်း တပ်ကြပ်မောင်မျိုးသေဆုံးကာ တပ်ကြီးကြီး ကျော်မြင့်ဒဏ်ရာရသွားကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြထားသည်ကို တွေ့ရသည်။ 

ထို့အပြင် စစ်ကောင်စီတပ်နှင့် အပြန်အလှန်ပစ်ခတ်စဉ် အကျဉ်းသားတစ်ဦးသည် ခြေထောက်၌ သေနတ်ကျည်ထိမှန်ကာ ပြန်လည်ဖမ်းဆီးခံခဲ့ရသည်ဟု သတင်းရရှိသည်။ ဖမ်းဆီးခံရသူ၏ အမည်နှင့် အသေးစိတ်အချက်အလက်ကို မသိရှိရသေးပေ။

ထိုအခြေအနေကြားထဲမှပင်  ထွက်ပြေးလွတ်‌မြောက် လာသူများက ကာဘိုင်တစ်လက်နှင့် MA 11 သေနတ် တစ်လက်ကိုလည်း ရယူလာနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ထွက်ပြေးလွတ်မြောက်လာသူများနှင့်ပတ်သက်၍ အသေးစိတ်မပြောလိုသေးကြောင်းနှင့် အများစုသည် ပြည်သူ့ကာကွယ်ရေးရဲဘော်များဖြစ်သည်ဟု တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

တောင်ငူအကျဉ်းထောင်သည် နိုင်ငံတော်သမ္မတဦးဝင်းမြင့်အား ဖမ်းဆီးအကျဉ်းချထားရာနေရာလည်းဖြစ်သည်။ ပြီးခဲ့သည့် မတ်လ ၁ရက်ကလည်း မန္တလေးတိုင်း၊ ရမည်းသင်းအကျဉ်းထောင်မှ အကျဉ်းသား ကိုးဦး တရားရုံးကရုံးထုတ်အပြန်တွင် စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ထွက်ပြေးခဲ့သည်။ ယင်းဖြစ်စဉ်တွင် နှစ်ဦး လွတ်မြောက်ခဲ့သည်။ ထို့အပြင်  ၂၀၂၂ ခုနှစ် စက်တင်ဘာလကလည်း  မကွေးတိုင်း၊ ပခုက္ကူထောင်မှ တော်လှန်ရေးရဲဘော် နှစ်ဦး ၊ နိုင်ငံရေးအကျဉ်းသားသုံးဦးတို့သည် ထောင်ဖောက်ထွက်ပြေးလာခဲ့ရာ ပခုက္ကူမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့များက  လွတ်မြောက်နေရာသို့ ပို့ဆောင်ပေးနိုင်ခဲ့သည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required