၂၀၃၀ နောက်ပိုင်း ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံအသစ်များ မတည်ဆောက်ဟု ဗီယက်နမ် ကတိပြု

၂၀၃၀ နောက်ပိုင်း ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံအသစ်များ မတည်ဆောက်ဟု ဗီယက်နမ် ကတိပြု
Photo: EPA

ဗီယက်နမ်သည် ၂၀၃၀ ပြည့်နှစ်နောက်ပိုင်း နိုင်ငံတွင် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံအသစ်များ တည်ဆောက်တော့မည် မဟုတ်ဟု မေလ ၁၆ ရက်တွင် ထုတ်ပြန်သည့် အချိန်အတော်ကြာ နှောင့်နှေးနေခဲ့သော နိုင်ငံတော် ဓာတ်အား အစီအစဉ်တစ်ရပ်အရ သိရသည်။ သို့သော် ထိုအစီအစဉ်နှင့်ပတ်သက်၍ နိုင်ငံတွင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များထံ ကူးပြောင်းမှုက အင်မတန် နှေးကွေးလွန်းနေသည် ဆိုပြီး ဝေဖန်မှုများလည်း ထွက်ပေါ်ခဲ့သည်။

အဆိုပါ အရှေ့တောင်အာရှ နိုင်ငံသည် ၂၀၅၀ ပြည့်နှစ် နောက်ဆုံးထားလျက် ကာဘွန်ထုတ်လွှတ်မှု လုံးဝကင်းစင်စေရေး လုပ်ဆောင်မည်ဟု ၂၀၂၁ ခုနှစ်က COP26 ရာသီဥတု ညီလာခံတွင် ကတိပြုခဲ့သည်။
၂၀၃၀ ပြည့်နှစ်အထိ နိုင်ငံ၏ စွမ်းအင်မူဝါဒအတွက်ဖြစ်သည့် ဒေါ်လာ ၁၃၅ ဘီလီယံ အစီအစဉ်တွင် အထက်ပါ လျာထားချက်များကို ပြည့်မီရရှိအောင် မည်ကဲ့သို့ လုပ်မည် ဆိုသည်ကို‌ မြေပုံထုတ်ထားပြီး ယင်း အစီအစဉ်သည် အချိန်နှစ်နှစ်ကျော်ကြာ နှောင့်နှေးကြန့်ကြာခဲ့သည်။ အစောပိုင်းက ထွက်ပေါ်ခဲ့သည့် တစ်ခုထက်ပိုသော မူကြမ်းများအရ ကျောက်မီးသွေးတွင် ထပ်မံရင်းနှီးမြှုပ်နှံမည် ဆိုပြီး ညွှန်ပြခဲ့သည်။

လျှပ်စစ်ဓာတ်အား ဖွံ့ဖြိုးရေး အစီအစဉ် ၈ ဟု သိရသည့် ယခုအစီအစဉ်သစ်အရ နိုင်ငံတွင် အတည်ပြုထားပြီးဖြစ်သည့်၊ ဆောက်လုပ်လျက်ရှိသည့် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ ပရောဂျက်များကိုသာ ၂၀၃၀ ခုနှစ် နောက်ဆုံးထား၍ ဆက်လုပ်နိုင်မည် ဖြစ်သည်။

ဆယ်စုနှစ် ကုန်ချိန်တွင် ကျောက်မီးသွေးသည် ဗီယက်နမ်၏ စွမ်းအင် အရောအနှော၏ ၂၀ ရာခိုင်နှုန်းအဖြစ် ပါဝင်မည် ဖြစ်ပြီး ယင်းက လက်ရှိ ၅၀ ရာခိုင်နှုန်းမှ လျော့ကျမည် ဖြစ်ကြောင်း အစီအစဉ်တွင် ထုတ်ဖော်သည်။

ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ ပရောဂျက်များကို ၂၀၃၀ မတိုင်မချင်း ဆက်လုပ်စေသည့် ဆုံးဖြတ်ချက်ကြောင့် နိုင်ငံ၏ ကျောက်မီးသွေး ဓာတ်အားထုတ်လုပ်မှု ပမာဏကို သိသိသာသာ တိုးမြင့်စေမည် ဖြစ်ပြီး ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် ရင်းမြစ်များ ဖော်ဆောင်မှုအပေါ် အဟန့်အတားဖြစ်စေမည်ဖြစ်ကြောင်း Trend Asia မှ သုတေသီ အန်ဒရီ ပရာဆီတီယိုက ပြောသည်။

ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များဆီ ကူးပြောင်းရာတွင် စပ်ကြား ခြေလှမ်းတစ်ခုအဖြစ် ဓာတ်ငွေ့ကို ဦးစားပေးသတ်မှတ်ခြင်းက စိတ်ပျက်စရာ ဖြစ်ကြောင်း ၎င်းက ပြောသည်။

ပြည်တွင်း ဓာတ်ငွေ့သည် ၂၀၃၀ တွင် နိုင်ငံ၏ စွမ်းအင်၏ ၉ ဒသမ ၉ ရာခိုင်နှုန်းနှင့် ညီမျှမည်ဖြစ်သည်။

ဝန်ကြီးချုပ် ဖမ်မင်ချင်း မေလ ၁၅ ရက်တွင် အတည်ပြုခဲ့သည့် ဓာတ်အား ဖွံ့ဖြိုးရေး အစီအစဉ်အရ ၂၀၅၀ ပြည့်နှစ် ရောက်ချိန်တွင် ကျောက်မီးသွေးကို လျှပ်စစ် ထုတ်လုပ်မှုအတွက် အသုံးပြုတော့မည် မဟုတ်ဟု ကတိပြုသည်။

ဇီဝလောင်စာ သို့မဟုတ် အမိုနီးယားကဲ့သို့ ကာဘွန်ထုတ်လွှတ်မှု ဇီးရိုးဖြစ်သည့် လောင်စာများဆီ ကူးပြောင်းသွားမည်ဟု ဆိုသည်။

သို့သော် လက်ရှိ ရှိရင်းစွဲ ရုပ်ကြွင်းလောင်စာ ဓာတ်အား ထုတ်လုပ်မှုကို မတူညီသော ရည်ရွယ်ချက်ဖြင့် အသုံးပြုရန် အလိုက်သင့် ပြင်ဆင်ခြင်းအတွက် ဤ အပြောင်းအလဲတွင် ငွေကြေး အများအပြား လိုအပ်လိမ့်မည် ဖြစ်ကြောင်း ပရာဆီတီယိုက ပြောသည်။ ထို့ပြင် အမိုးနီးယားသည် လက်တွေ့ကျပြီး အလားအလာရှိသည့် အခြားရွေးချယ်စရာတစ်ခု မဟုတ်ဟုလည်း ၎င်းက သတိပေးသည်။

ဗီယက်နမ်သည် အိန္ဒိယနှင့် တရုတ်ပြီးလျှင် ကမ္ဘာ့တတိယအများဆုံးအဖြစ် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံသစ် ပရောဂျက်များ ဖော်ဆောင်လျက်ရှိသည့် နိုင်ငံဖြစ်သည်။

ကျောက်မီးသွေးမှ တခြားရင်းမြစ်များဆီ ပိုမိုမြန်ဆန်စွာ ကူးပြောင်းနိုင်ရေး ထောက်ကူရန် ဗီယက်နမ်ကို ဒေါ်လာ ၁၅ ဒသမ ၅ ဘီလီယံ ပံ့ပိုးမည့် Just Energy Transition Partnership ဟု သိကြသည့် သဘောတူညီချက်တစ်ရပ်ကို ချမ်းသာသောနိုင်ငံများက ဒီဇင်ဘာလတွင် အတည်ပြုခဲ့သည်။

ဓာတ်အား ဖွံ့ဖြိုးမှု အစီအစဉ်အရ ရုံးများနှင့် လူနေအဆောက်အအုံများ၏ ၅၀ ရာခိုင်နှုန်းတွင် ၂၀၃၀ နောက်ဆုံးထား၍ ကိုယ်တိုင်ထုတ်လုပ်သည့် ဆိုလာစွမ်းအင် အသုံးပြုရေး လျာထားချက်တစ်ခုကို ထုတ်ဖော်ထားသည်။

ဗီယက်နမ်သည် ၂၀၂၁ ခုနှစ်က ဆိုလာစွမ်းအင် လုပ်နိုင်စွမ်းနှင့်ပတ်သက်ပြီး ကမ္ဘာတစ်ဝန်း top 10 စာရင်း ဝင်ခဲ့သော်လည်း ထို့နောက်ပိုင်း ယင်း၏ အောင်မြင်မှုက အဟန့်အတားများနှင့် ကြုံတွေ့ထားခဲ့သည်။

အခြေခံအဆောက်အအုံဆိုင်ရာ ကန့်သတ်ချက်များအရ ဓာတ်အားလိုင်းများသည် ဖြည့်သွင်းမှု များပြားခြင်းကို ကိုင်တွယ်နိုင်ခြင်း မရှိသည့်အခြေအနေကို ရောက်စေပြီး အော်ပရေတာများ ဓာတ်အားကွန်ရက်စနစ်ထဲ ဓာတ်အားမည်မျှအထိ ဖြည့်သွင်းနိုင်သည် ဆို့အပေါ် အကန့်အသတ်တစ်ခု ဖြစ်စေသည်။
ဗီယက်နမ်သည် ၂၀၃၀ တွင် ယင်း၏ စွမ်းအင် အစုအဖွဲ့၏ ၈ ဒသမ ၅ ရာခိုင်နှုန်းကို ဆိုလာဖြင့် ဖြည့်ဆည်းရန် ရည်မှန်းထားသည်။

ကွန်မြူနစ်နိုင်ငံသည် လက်ရှိတွင် အများအားဖြင့် ယင်း၏ စွမ်းအင်အတွက် ကျောက်မီးသွေးနှင့် ရေအားလျှပ်စစ်အပေါ် အားကိုးလျက် ရှိသည်။

နိုင်ငံ၏ အမျိုးသား လျှပ်စစ်ဓာတ်အား ပေးဝေထောက်ပံ့ရေးလုပ်ငန်းသည် နွေရာသီရောက်တိုင်း ထုတ်ပြန်ချက်များ ထုတ်ပြန်တတ်ပြီး ဓာတ်အားစနစ်အပေါ် ဝန်ပိမှုများ လျော့ကျစေရေးအတွက် လျှပ်စစ်အသုံးပြုသူများ သုံးစွဲမှု လျှော့ချကြရန် ပန်ကြားတတ်သည်။

Vietnam pledges no new coal plants after 2030

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly