မဲဆောက်မြို့တွင် ဖြစ်ပွားခဲ့သည့်   သက်ငယ်မုဒိန်းမှုကို  နှစ်နိုင်ငံဥပဒေများဖြင့် အရေးယူနိုင်ရန် NUGဆောင်ရွက်နေ

By မဇ္ဈိမ 
18 May 2023
မဲဆောက်မြို့တွင် ဖြစ်ပွားခဲ့သည့်   သက်ငယ်မုဒိန်းမှုကို  နှစ်နိုင်ငံဥပဒေများဖြင့် အရေးယူနိုင်ရန် NUGဆောင်ရွက်နေ
Photo- CJ (ထိုင်း- မြန်မာနယ်စပ်၊ မဲဆောက်မြို့တစ်နေရာ)

ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် ထိုင်းနိုင်ငံ ၊ မဲဆောက်မြို့တွင်  အသက် ငါးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ကျူးလွန်ခံရသည်ဆိုသော သက်ငယ်မုဒိန်းမှုကို နှစ်နိုင်ငံ ဥပဒေများဖြင့် အရေးယူနိုင်ရန် ဆောင်ရွက်နေသည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ( NUG )၏  တရားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးမင်းနောင်ခိုင်က ပြောသည်။ 

 ရန်ကုန်တိုင်း၊ တွံတေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအလုပ်အမှုဆောင်၊ အတွင်းရေးမှူး ဦးအောင်မင်းက လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုကျူးလွန်ခဲ့သည်ဟု ကလေးငယ်၏ မိခင်ဖြစ်သူက  အမျိုးသား ညီညွတ်ရေး အစိုးရ( NUG )သို့ မေလ၂ရက်နေ့တွင် တိုင်ကြားစာပေးပို့ခဲ့ခြင်းဖြစ်သည်။

တရားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမင်းနောင်ခိုင်က  “ ထိုင်းရဲ့တရားစီရင် ရေးစနစ်အတိုင်းသွားဖို့တော့ ကာယံကံရှင်ကို ကျနော်တို့တွေ ဆက်သွယ်ပြီးတော့မှပဲလိုအပ်တဲ့ ဥပဒေအကြံဉာဏ်တွေ အထောက်အကူတွေပေးသွားဖို့ ရှိပါတယ် “ ဟု မဇ္ဈိမသို့ပြောသည်။

တိုင်ကြားစာပေးပို့ပြီး ယနေ့ ၁၆ အကြာ အမှုအခြေအနေနှင့် ပတ်သက်ပြီးမေးမြန်ရာတွင်  ထိုသို့ဖြေကြားခဲ့ခြင်းဖြစ်သည်။ 

ကျူးလွန်ခံရသူသည် CDM ပြုလုပ်ထားသည့် တွဲဖက်ပါမောက္ခတစ်ဦး၏ သမီးဖြစ်ပြီး ဖြစ်စဉ်အသေးစိတ်ပါဝင်သည့် တိုင်ကြားစာကို NUG ၏ အမျိုးသမီး၊လူငယ်နှင့်ကလေး သူငယ်ရေးရာဝန်ကြီးဌာနသို့လိပ်မူပြီး ပေးပို့ခဲ့သည့်အပြင် မိတ္တူကိုသမ္မတရုံး၊ ဝန်ကြီးချုပ်ရုံး ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပညာရေးဝန်ကြီးဌာန၊ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန၊ တရားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနာနှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( NLD )ဗဟိုအလုပ်ကော်မတီသို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ တရာစီရင်ရေးကိစ္စများနှင့်ပတ်သက်ပြီး ရဲအရေးပိုင်သည့်ကိစ္စများကို NUGဘက်မှ ဆောင်ရွက်နေသော်လည်း ထိုင်းနိုင်ငံတွင်တရားစွဲနိုင်ရန်အတွက် မိသားစုများကို အကြံပြုချက် သဘောထားတောင်းခံရဦးမည်ဖြစ်ကြောင်း NUGတရားရေးဌာနကသိရသည်။

မြန်မာနိုင်ငံ၏ဥပဒေအရ ပြည်ပနိုင်ငံတွင်ရောက်ရှိနေသော နိုင်ငံသားများကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃ အရ ကျူးလွန်သောအမှုအတွက် နိုင်ငံတွင်းစစ်ဆေးစီရင်သကဲ့သို့ စစ်ဆေးနိုင်ကြောင်း ပြဌာန်းထားသည်။အဆိုပါလုပ်ပိုင်ခွင့်အရ တိုင်ကြားခံရသူကို မြန်မာနိုင်ငံတွင်းရှိနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ လွတ်မြောက်နယ်မြေအတွင်းရှိ တရားရေးမဏ္ဍိုင်မှတစ်ဆင့် တရားစွဲဆိုသွားနိုင်ရန်ဆောင်ရွက်မည်ဟု NUGတရားရေးဝန်ကြီးဌာနထံက သိရသည်။

 “နစ်နာသူမိသားစုကရော စွပ်စွဲခြင်းခံရသူကရောပေါ့လေ။ တရားမျှတမှုကိုရဖို့ အစိုးရကို အပြည့်အဝပူးပေါင်း ဆောင်ရွက်မှုရှိမှသာလျှင် အမှန်တရားကိုရှာဖွေနိုင်လိမ့်ပါမယ်”ဟု ဦးမင်းနောင်ခိုင်က ပြောသည်။

ပြစ်မှုကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံရသူနှင့် တိုင်ကြားသူနှစ်ဦးစလုံးသည် စစ်အာဏာသိမ်းမှုကြောင့် ထိုင်းနိုင်ငံသို့ တရားမဝင်တိမ်းရှောင် နေရသူများဖြစ်သည်ဟုသိရှိရသည်။ လက်ရှိထိုင်းနိုင်ငံထဲတွင် မည်သည့်အထောက်အထားဖြင့် နေထိုင်သည်ကိုမူ မဇ္ဈိမအနေဖြင့်သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

သို့သော်မည်သို့နေထိုင်သည်ဖြစ်စေ ထိုင်းနိုင်ငံအတွင်းဖြစ်သော အမှုများအတွက် ထိုင်းအာဏာပိုင်များကိုတိုင်ကြားနိုင်ပြီး အရေးယူဆောင်ရွက်ပေးမှုများလည်းရှိသည်ဟု ထိုင်းရောက်ရွှေမြန်မာများအတွက် လက်တွဲကူညီ ACCမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမသို့ပြောသည်။

“တရားဝင်တာ၊ မဝင်တာထက်စာရင် သူကထိုင်းမှာလည်းအမျိုးသမီးရေးရာအဖွဲ့တွေရှိပါတယ်။ နစ်နာတဲ့သူဘက်က ဥပဒေအရ ကာကွယ်ပေးသွားပါတယ်။ သက်ငယ်မုဒိန်းဆိုရင်တော့ ကလေးဆိုရင်ထိန်းသိမ်းစောင့်ရှောက်တဲ့နေရာကိုပို့ပေးထားတယ်” ဟု ၎င်းကဆိုသည်။

တရားမဝင်နေထိုင်သူများဖြစ်ပါက တရားလိုနှင့် စွပ်စွဲခံရသူနှစ်ဦးစလုံးသည်  ဒဏ်ကြေးဆောင်ရမည်ဖြစ်ပြီး  ကျန်သည့်တရားရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သည်ဟု ၎င်းကပြောသည်။

ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံရသူကို အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးမေးမြန်းခဲ့ကြောင်း NUG၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ဆိုင်ရာ ဝန်ကြီးဌာန(MOWYCA)၏ ဒုတိယဝန်ကြီး က မေလ၁၁ရက်နေ့တွင် မဇ္ဈိမသို့ အတည်ပြုပြောကြားသည်။

ထိုဖြစ်စဥ်အပေါ် NUG၏ ဖြေရှင်းဆောင်ရွက်မှုများအား တော်လှန်ရေးအဖွဲ့များက စောင့်ကြည့်နေလျက်ရှိနေသည်။ ထို့ပြင် ကျောင်းသားသမဂ္ဂများနှင့် ဖွဲ့စည်းထားသည့် ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များကော်မတီက ထိရောက်သော ပြစ်ဒဏ်ချမှတ်မှုများပြုလုပ်သင့်ကြောင်း မေလ ၁၁ရက်နေ့တွင် NUG၏ဝန်ကြီးဌာနများသို့အကြံပြုစာ ပို့ထားသည်။

ထိုအတူ မြန်မာနွေဦးတက္ကသိုလ်အပါအဝင် တက္ကသိုလ်၂၂ခု၏ ကြားကာလအုပ်ချုပ်ရေးကောင်စီများက အလားတူပြစ်မှု ဖြစ်စဉ်များထပ်မံမဖြစ်ပွားစေရေး၊ လူ့အခွင့်ရေးချိုး‌ဖောက်ခံရမှုများမဖြစ်ပွားစေ‌ရေး၊ လူမှုအသိုင်းအဝိုင်းကို ကာကွယ်လုံခြုံမှုပေးနိုင်ပြီး တရားစီရင်ရေးမဏ္ဍိုင်တစ်ရပ် ပေါ်ပေါက်လာရေးအတွက် အစီအမံများကို ဆောင်ရွက် ကာလက်တွေ့အသုံးချနိုင်ရန် ကြိုးပမ်းသင့်ကြောင်း အပါအ၀င်  အချက်၉ကို မနေ့ မေလ ၁၇ ရက်က ထုတ်ပြန် ကြေညာခဲ့သည် ကိုတွေ့ရသည်။

လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှု ကျူးလွန်သည်ဟု စွပ်စွဲခံထားရသည့် ဦးအောင်မင်းကို လက်ထိတ်ခတ်ဖမ်းဆီးထားသည့် ဓါတ်ပုံတစ်ပုံကို မေလဆန်းပိုင်းက တွေ့ခဲ့ရသော်လည်း လက်ရှိအချိန်တွင် ၎င်းသည် မည်သည့်နေရာ၌ ရှိနေသည် ကိုမသိရသေးပေ။ 

NLDအလုပ်အမှုဆောင်တစ်ဦးဖြစ်သည့်အတွက် ၎င်း၏ လက်ရှိအခြေအနေနှင့်ပတ်သက်ပြီး မေးမြန်းရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တာဝန်ရှိသူကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိသေးပေ။

မေလ ၇ရက်နေ့က အမှုနှင့်ပတ်သက်ပြီးမေးမြန်းချက်အပေါ်တွင်  NLDဗဟိုအလုပ်ကော်မတီ ဦးထွန်းမြင့်က “ဒီကိစ္စနဲ့ပတ်သက်ပြီးကျနော်တို့ ပါတီကတော့ ဖြစ်ချင်တဲ့ ဆန္ဒကတော့ အမှုမှန်ပေါ့ဗျာ။  အဖြစ်မှန်ပေါ်ပေါက်ရေး တရားမျှတမှုရှိရေးကို တရားဥပဒေအတိုင်းပဲ ဆောင်ရွက်တာပဲ လိုချင်ပါတယ်ဗျ” ဟု မဇ္ဈိမကိုပြောခဲ့သည်။

NUG သည် ၎င်းတို့၏  စိုးမိုးထိန်းချုပ်နယ်မြေများတွင်  ပြည်သူလူထုကို အကြမ်းဖက်စစ်အုပ်စုဘေးကနေ ကာကွယ်ရန် ကြိုးစားနေသကဲ့သို့  အုပ်ချုပ်ရေးဖော်ဆောင်ရန်၊ ပြည်သူလူထုကို ဝန်ဆောင်မှုပေးအပ်နိင်ရန်၊ တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်နိင်ရန်ကြိုးစားနေသည်ဟု သိရသည်။

သို့သော်လည်း  စိုးမိုးထိန်းချုပ်နယ်မြေများတွင်  တရားစီရင်ရေးမဏ္ဍိုင်ကို ရာနှုန်းပြည့်ဖြည့်ဆည်းရန်အတွက် အခက်အခဲများကြောင့်  ကြန့်ကြာမှုအချို့ ရှိနေခြင်းကို  လျှော့နိုင်ရန်ကြိုးစားနေသည်ဟု NUGဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly