မန္တလေးတွင် ပုဂ္ဂလိက ဆေးရုံ ၃ ရုံကို စစ်ကောင်စီက လုပ်ငန်းလိုင်စင်ပယ်ဖျက် 

By ၀၀၈၊ ၀၀၇ မန္တလေး(မဇ္ဈိမ)
18 May 2023
မန္တလေးတွင် ပုဂ္ဂလိက ဆေးရုံ ၃ ရုံကို စစ်ကောင်စီက လုပ်ငန်းလိုင်စင်ပယ်ဖျက် 

မန္တလေးမြို့တွင်  လူသိများသည့် ပုဂ္ဂလိကဆေးရုံများဖြစ်သည့် နန်းတော်ဆေးရုံ၊ မြို့တော်ဆေးရုံနှင့် ကံ့ကော်ဆေးရုံ သုံးရုံကို စစ်ကောင်စီက လုပ်ငန်းလိုင်စင်များ ပယ်ဖျက်လိုက်ကြောင်း သိရသည်။

စစ်ကောင်စီ၏ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့က  မဟာအောင်မြေခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ညွှန်ကြားချက်နှင့်အညီ  အဆိုပါဆေးရုံများအား 
ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉(က)ပါ လိုင်စင် စည်းကမ်းများကို လိုက်နာရန်ပျက်ကွက်ခြင်းကြောင့် ၂၀၂၃ခုနှစ် ဇန်နဝါရီ ၁ရက် မှစတင်၍ လုပ်ငန်းလိုင်စင်ကို ပယ်ဖျက်လိုက်ကြောင်း  အမိန့်ကြေညာစာထုတ်ခဲ့သည်။

 ထိုအမိန့်စာကို ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့ အတွင်းရေးမှူးဖြစ်သည့် ညွှန်ကြားရေးမှူးချုပ်ဒေါက်တာမြတ်၀ဏစိုးက မေ ၁၅ရက် ရက်စွဲဖြင့် လက်မှတ်ထိုး အမိန့်စာထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

"သူတို့ဘက်က စွပ်စွဲချက်တွေနဲ့ အခုလို လုပ်လိုက်တာပဲ။ ဒါမျိုးတွေက သူတို့လုပ်နေကြပဲ။ ဆေးရုံ၊ ဆေးခန်းနဲ့ ဆရာဝန်တွေကတော့ လူနာလာရင် ကုပေးရမှာပဲ။ စကားတွေ အများကြီး မပြောချင်ဘူး "ဟု မန္တလေးမြို့ခံ နာမည်ကြီး ခွဲစိတ်ဆရာဝန် တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်ကလည်း ယခုပိတ်သိမ်းခံလိုက်ရသော ဆေးရုံသုံးရုံအပါအ၀င် ပုဂ္ဂလိက ဆေးရုံငါးရုံကို ယာယီပိတ်သိမ်းရန် စစ်ကောင်စီက အမိန့်ထုတ်ခဲ့သည်။ 

 “အဲဒီတုန်းကတော့ လေးလလောက်ပိတ်ရမယ်လို့ အမိန့်စာထုတ်ခံရတာပေါ့နော်။ အခုပယ်ဖျက်ခံလိုက်ရတဲ့ ဆေးရုံသုံးခုအပြင် ထက်နေလင်းနဲ့ စိန်ပန်းဆေးရုံနှစ်ခုလည်း ပါတယ်။  ဒီနှစ်ခုက အစကတည်းက လုပ်ငန်းလိုင်စင်မကျသေးဘဲ ဖွင့်ထားတာလို့သိရတယ်။  ဘယ်လိုဖြေရှင်းလိုက်လဲတော့ မသိဘူး။  ပယ်ဖျက်ခံလိုက်ရတဲ့ သုံးခုကတော့ သွားပြီပေါ့ဗျာ။ အလုပ်လုပ်နေတဲ့ ၀န်ထမ်းတွေအလုပ်လက်မဲ့ဖြစ်ကြရပြီ” ဟု ကျန်းမာရေး၀န်ထမ်းတစ်ဦးကပြောသည်။

၀န်ထမ်းရာနှင့်ချီ အလုပ်လုပ်နေသည့် ထိုဆေးရုံကြီးများပိတ်သိမ်းခံရသည့်အတွက်   ၀န်ထမ်းရှစ်ရာကျော်အလုပ်လက်မဲ့ဖြစ်ခဲ့ရကြောင်း ကျန်းမာရေးအသိုက်အ၀န်းထံက သိရသည်။

အဆိုပါဆေးရုံများကို ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာ ၃၁ရက်က  PDFများကို ဆေးကုသပေးခြင်းနှင့် CDM ကျန်းမာရေးဝန်ထမ်းများကို ကူညီနေသည်ဟုဆိုကာ စစ်ကောင်စီက ယာယီ ပိတ်သိမ်းခဲ့ခြင်းဖြစ်ပြီး ယခုအခါ လုပ်ငန်းလိုင်စင်ပါ ပယ်ဖျက်ခံရခြင်းဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required