အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်က စစ်လက်နက် ဒေါ်လာ ၁ ဘီလီယံဖိုး တင်သွင်းပြီး တရုတ်နှင့် ရုရှက ကူညီနေ

အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်က စစ်လက်နက် ဒေါ်လာ ၁ ဘီလီယံဖိုး တင်သွင်းပြီး တရုတ်နှင့် ရုရှက ကူညီနေ
Photo-AFP

မြန်မာအာဏာသိမ်း စစ်ကောင်စီ၏ အတိုက်အခံများအပေါ် သေလောက်အောင် ဖြိုခွင်းခြင်းများတွင် ရုရှနှင့် တရုတ်တို့က ကူညီနေခြင်းအတွက် အရေးဆိုထားသော ဗုဒ္ဓဟူးနေ့က အစီရင်ခံစာသစ်၌ ၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်သည် စစ်လက်နက်နှင့် အခြား စစ်ဘက်ဆိုင်ရာ ပစ္စည်းများ အမေရိကန်ဒေါ်လာ တစ်ဘီလီယံဖိုး အနည်းဆုံး တင်သွင်းခဲ့ကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်တစ်ဦးက ဆိုထားသည်။

စစ်တပ်သည် အာဏာသိမ်းပြီး ဒီမိုကရက်တစ် ခေါင်းဆောင်များကို ဖမ်းဆီးထောင်ချသည့်နောက်၌ စစ်အုပ်ချုပ်ရေးအပေါ် အချို့သော ဆန့်ကျင်သူများက လက်နက်စွဲကိုင် တော်လှန်ကြပြီး တိုင်းရင်းသား လူနည်းစု လက်နက်ကိုင်များနှင့်လည်း ပူးပေါင်းရာ စစ်တပ်သည် လက်တုံ့ပြန်ပြီး လေကြောင်းတိုက်ခိုက်မှုမျာနှင့် လက်နက်ကြီးတိုက်ခိုက်မှုများ ဆင်နွှဲရာတွင် အရပ်သား ဧရိယာများပါ ပါဝင်ခဲ့သည်။

စာသင်ကျောင်းများ၊ ဆေးပေးခန်းများ၊ လူနေအိမ်များနှင့် အခြားသော အရပ်သားနေရာများကိုပါ ထိမှန်သော လေကြောင်းတိုက်ခိုက်မှုများတွင် အများအားဖြင့် ရုရှလုပ် Mi-35 ရဟတ်ယာဉ်၊ MiG-29 တိုက်လေယာဉ်နှင့် Yak-130 အပေါ့စားလေယာဉ်တို့နှင့် တရုတ်၏ K-8 တိုက်လေယာဉ်များအား မကြာခဏ သုံးစွဲနေကြောင်း မြန်မာနိုင်ငံက လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ် အင်ဒရူး၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။

စစ်ကိုင်းတွင် စစ်တပ်၏ အတိုက်အခံများ ပြုလုပ်သော ကျေးရွာစုရုံးမှုအား ဧပြီ ၁၁ ရက်က တိုက်ခိုက်ရာတွင် Yak-130 မှ ဗုံးနှစ်လုံး ကြဲချခဲ့ရာ လူပေါင်း ၁၆၀ အနည်းဆုံး သေဆုံးပြီး သေဆုံးသူများတွင် ကလေးငယ် ၄၀ နီးပါး ပါဝင်ကြောင်း ယခု အစီရင်ခံစာ၌ ဖော်ပြထားသည်။

စစ်ကောင်စီက သောင်းကျန်းသူများကို ပစ်မှတ်ထားခြင်းဟု ပြောပြီး စစ်ကိုင်းတိုက်ခိုက်မှုနောက်၌ သေဆုံးသူ အရပ်သားများသည် “အကြမ်းဖက်သမားများ” ဟု ၎င်းတို့ ဆိုထားသော အတိုက်အခံများကို ထောက်ခံသူများသာဖြစ်သည်ဟု ပြောခဲ့သည်။

“သတင်းကောင်းကတော့ စစ်ကောင်စီ အသုံးပြုနေတဲ့ လက်နက်တွေကို ဘယ်သူတွေ ထောက်ပံ့နေသလဲဆိုတာ ကျွန်တော်တို့ သိရတာပါပဲ”ဟု ထုတ်ပြန်ချက်၌ အင်ဒရူးက ဆိုပြီး မြန်မာစစ်တပ်ထံ လက်နက်များ ပေးပို့မှုကို လုံးဝ တားမြစ်ခြင်းဖြင့် ကုလသမဂ္ဂ အဖွဲ့ဝင်များအနေဖြင့် “လက်နက် စီးဝင်မှု ရပ်တန့်အောင်” ဆောင်ရွက်ရန်၊ ရှိဆဲ တားမြစ်ချက်များကို အသက်သွင်းရန်နှင့် ဒဏ်ခတ်ပိတ်ဆို့မှုများ ညှိနှိုင်းချမှတ်ရန် တိုက်တွန်းထားသည်။

အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်ထံ စစ်လက်နက်၊ စစ်ပစ္စည်းနှင့် မြန်မာပြည်တွင်းမှာပါ လက်နက်ထုတ်လုပ်နိုင်မည့် ကုန်ကြမ်းများ ပေးပို့ရာတွင် ရုရှနှင့် တရုတ်တို့မှ နိုင်ငံပိုင် အဖွဲ့အစည်းများပင် ပါဝင်ပြီး ရုရှနိုင်ငံ ဒေါ်လာ ၄၀၆ သန်းဖိုးနှင့် တရုတ်က ဒေါ်လာ ၂၆၇ သန်းဖိုး ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူ အင်ဒရူးက ဆိုသည်။

အိန္ဒိယက နိုင်ငံပိုင် အဖွဲ့အစည်းများသည်လည်း ပမာဏ အနည်းငယ် ပေးပို့ပြီး စင်ကာပူ၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံက ကုမ္ပဏီများလည်း မြန်မာစစ်ကောင်စီထံ ပေးပိုရာတွင် ပါဝင်သည်။

စစ်ဘက်ဆိုင်ရာ ပစ္စည်းများ ပေးပို့ရာတွင် ရုရှနိုင်ငံပိုင် လက်နက်ကုမ္ပဏီကြီး Rosoboronexport ထံမှ ဒေါ်လာ ၂၂၇ သန်း ရှိပြီး SU-30 တိုက်လေယာဉ်များ၊ MiG-29 ဂျက်လေယာဉ်များနှင့် ဒုံးပစ်စနစ်များ ပေးပို့ခဲ့သည်ဟု ယခု အစီရင်ခံစာတွင် ဖော်ပြထားသည်။

အခြား‌သော ရုရှကုမ္ပဏီများကလည်း စစ်ပစ္စည်းကိရိယာများ၊ စစ်အသုံးအဆောင်များနှင့် ရုရှလက်နက်စနစ်များအတွက် အပိုပစ္စည်းများကို ပေးပို့ကြသည်ဟု ယင်းက ဆိုသည်။

“ရုရှဆီက ပေးပို့တဲ့ လက်နက်ပစ္စည်းတွေကို မြန်မာနိုင်ငံမှာ ဖြစ်နိုင်တဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအပေါ်မှာ အသုံးပြုနေတာ ဖြစ်တယ်”ဟု အစီရင်ခံစာ၌ ဆိုထားသည်။

(မိုးသဲ ဘာသာပြန်သည်။)

https://www.reuters.com/world/un-expert-says-russia-china-sending-deadly...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required