မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်တွင် ပြည်သူ ၁၅၀ နီးပါး သေဆုံးခဲ့ကြောင်း မြေပြင်အချက်အလက်များအရ ကနဦးသိရ၊ အသေအဆုံးစာရင်း ထပ်တိုးလာနိုင်ဖွယ်ရှိနေ

မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်တွင် ပြည်သူ ၁၅၀ နီးပါး သေဆုံးခဲ့ကြောင်း မြေပြင်အချက်အလက်များအရ ကနဦးသိရ၊ အသေအဆုံးစာရင်း ထပ်တိုးလာနိုင်ဖွယ်ရှိနေ

အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း မိုခါ ၀င်ရောက်တိုက်ခတ်ခဲ့သည့် ရခိုင်ပြည်နယ်တွင် မုန်တိုင်းဒဏ်ကြောင့် ဒေသခံပြည်သူ ဦးရေ ၁၅၀ နီးပါး သေဆုံးထားကြောင်း မဇ္စျိမက ရရှိထားသည့် မြေပြင်အချက်အလက်တွေအရ သိရသည်။

အဆိုပါ အချက်အလက်များကို ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းစတင်၀င်ရောက်သည့် မေလ ၁၄ ရက်နေ့မှ ယနေ့မေလ ၁၇ ရက်နေ့အထိ စာရင်းကောက်ယူထားခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် ၊ စစ်တွေမြို့ကို မေလ ၁၄ ရက်က ကုန်းတွင်းဝင်ရောက်ဖြတ်ကျော်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် စစ်တွေမြို့ရှိ ရိုဟင်ဂျာဒုက္ခသည် စခန်းများနှင့် ကျေးရွာများမှ ရိုဟင်ဂျာ ဦးရေ ၁၃၀ နီးပါး အသေအပျောက်ရှိခဲ့သည်ဟု မြေပြင်ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူများ၏ ကွင်းဆင်းကောက်ယူထားသည့် စာရင်းများက ဆိုသည်။

ထိုစာရင်းကို မေလ ၁၅ ရက်နှင့် မေလ ၁၆ ရက်နေ့များတွင် ကျောင်းသားလူငယ်အသင်းနှင့် အလင်းရောင် လူငယ်ပရဟိတအသင်း ကူညီကယ်ဆယ်ရေး အဖွဲ့၀င်များက ကောက်ယူထားခြင်းဖြစ်ပြီး ၎င်းတို့အနေဖြင့် လက်ရှိတွင် စာရင်း ဆက်လက်ကောက်ယူနေဆဲဖြစ်ကြောင်း ပြောကြားထားသည်။

ကောက်ယူထားသည့် စာရင်းအရ သင်္ဂြိုဟ်ပြီးသည့် ရုပ်အလောင်း စုစုပေါင်း ၁၁၀ ရှိပြီး ကျန် ဦးရေ ၂၀ ကို ပျောက်ဆုံး(သေဆုံးနိုင်) စာရင်းထဲ ထည့်ထားခြင်းဖြစ်သည်။

သင်္ဂြိုဟ်ပြီးသည့် ရုပ်အလောင်း စုစုပေါင်း ၁၁၀တွင် ရုပ်အလောင်း ၃၀ မှာ ဗေဒကျေးရွာမှ ဖြစ်သလို သေဆုံးသူအများစုမှာလည်း ဗေဒ ကျေးရွာမှဖြစ်ကြောင်း သိရသည်။

ကျန်ရုပ်အလောင်း ၈၀ မှာ စံပြရွာ အမှတ် (၃) ၊ စံပြရွာ အမှတ် (၆) ၊ သဲချောင်းရွာ ၊ သဲချောင်း ကယ်ဆယ်ရေးစခန်း၊ သဲချောင်း sector 4 ကယ်ဆယ်ရေးစခန်း၊ ဒါးပိုင်နောက်ရွာ၊ ဒါးပိုင်ကယ်ဆယ်ရေးစခန်း၊ သက္ကေပြင်ကယ်ဆယ်ရေးစခန်း (သစ်) ၊ သက္ကေပြင်ကယ်ဆယ်ရေးစခန်း (ဟောင်း) နှင့် သက္ကေပြင်ကယ်ဆယ်ရေးစခန်း (သစ်)အနီး မှ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“အသေအပျောက်အများဆုံးက ဗေဒရွာပါ။ ထုတ်ပြန်နေကြတဲ့ ၄၀၀ ကျော်ဆိုတာက အလောင်းတွေ့ရှိ အတည်ပြုပြီးတော့မဟုတ်ပါဘူး။ ဒါပေမဲ့ တချို့လည်းအလောင်းပြန်မတွေ့ပေမယ့် မိသားစုကသေဆုံးလက်ခံလိုက်ကြတာရှိတယ် ။ အဲ့တာ ဒီလိုစာရင်းတက်နေတာပါ။ သေဆုံးပျောက်ဆုံးကို ရှေ့အပတ်လောက်မှ အတည်ပြုလို့ရနိုင်ပါမယ်။ လက်ရှိမှာ ကျွန်တော်တို့ ထုတ်တဲ့စာရင်းကတော့ အလောင်းတွေ့ရှိ စာရင်းပါ" ဟု မြေပြင်ကယ်ဆယ်ရေးပရဟိတအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

စစ်တွေမြို့ရှိ အကြီးဆုံး စစ်ဘေးရှောင်စခန်းဖြစ်သည့် တိန်ညိုစစ်ရှောင်စခန်းတွင်လည်း မုန်တိုင်း တိုက်ခတ်မှုကြောင့် စခန်းတစ်ခုလုံးနီးပါးပျက်စီးခဲ့ပြီး လူထိခိုက်သေဆုံးမှုမရှိခဲ့ကြောင်း သိရသည်။

ထို့အတူ စစ်တွေမြို့ပေါ်တွင်လည်း အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ကြောင့် သေဆုံးသူ ငါးဦးအထိရှိလာကြောင်း ကူညီကယ်ဆယ်ရေးပြုလုပ်နေသည့် မေတ္တာရောင်ခြည် ပရဟိတအသင်းဥက္ကဋ္ဌ ကိုလင်းလင်း မေလ ၁၅ ရက်နေ့တွင် မဇ္စျိမကို ပြောကြားထားသည်။

မုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်မှုအတွင်း ကုန်းမြင့်ပိုင်းဒေသတစ်ခုဖြစ်သည့် အာကျိတ်တော်ကုန်းရှိ အဓိဌာန်ကျောင်း မှ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး မေလ ၁၄ ရက် မွန်းလွဲ ၁ နာရီ ၄၀ ခန့်တွင်သေဆုံးခဲ့ခြင်း ဖြစ်သည်။

“အပေါ်ကမှန်ပြုတ်ကျပြီး လူကိုထိတယ်။ ကျနော်တို့ မေတ္တာရောင်ခြည်အသင်းကသွားခေါ်တယ်။ သူက ပင်မသွေးကြောကြီးကို ထိသွားတော့ သွေးတအားထွက်တာ။ ထိတာက ဘယ်ဘက်နှလုံးနားမှာ ထိတာ။ သွေးထွက်လွန်ပြီးတော့ ကားပေါ်ရောက်တာနဲ့ ဆုံးသွားတယ်။ မိနစ်ပိုင်းအတွင်းမှာ ဆုံးသွားတာ” ဟု ကိုလင်းလင်းက ပြောသည်။

စစ်တွေမြို့ ဝါးကျောင်းတွင်လည်း လေပြင်းတိုက်ခတ်စဉ် အဆောက်အအုံအုတ်နံရံပြိုကျမှုကြောင့် အသက်သုံးလအရွယ် ကလေးငယ်တစ်ဦးနှင့် အသက်(၄၀) အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့သည်။

ထို့အတူ ဓါတ်ဦးကျောင်းတွင် အသက်(၇၀)ကျော် အမျိုးသားတစ်ဦးနှင့် သစ်ပင်ပိခြင်းကြောင့် အမျိုးသား တစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင်လည်း မုန်တိုင်းရှောင်ပြည်သူများရှိနေသည့် ဒုံးပိုက်ဘုန်းကြီးကျောင်းအတွင်းရှိ ဓမ္မာရုံပြိုကျမှုအတွင်း အဆောက်အအုံပိကာ အမျိုးသမီးကိုးဦးအပါအ၀င် စုစုပေါင်း ၁၃ ဦး သေဆုံးခဲ့သလို ပေါက်တောပြင် ကျေးရွာတွင်လည်း တစ်ဦးသေဆုံးခဲ့ကြောင်း မဇ္စျိမက စုံစမ်းသိရသည်။

ထို့အတူ ပုဏ္ဏားကျွန်းမြို့ပေါ်တွင်လည်း မုန်တိုင်းတိုက်ခတ်မှုအတွင်း ပြည်သူ နှစ်ဦးသေဆုံးကာ ၂၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသအခြေစိုက်ကူညီရေးအသင်းများက ဆိုသည်။

“ အထိအခိုက်စာရင်းက လိုက်ကောက်နေတုန်းပဲ အတိအကျတော့ မသိရသေးဘူး။ လက်ရှိကောက်ထားတဲ့ စာရင်းကလည်း မုန်တိုင်းသင့် မြို့ပေါ် တစ်ခုထဲပါ။ တခြားကျေးရွာတွေတော့ မပါသေးပါဘူး။ ကျေးရွာတွေဘက်လည်း ကွင်းဆင်းဖို့တော့ ရှိပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေက စိုးရိမ်စရာမရှိပါဘူး” ဟု ပုဏ္ဏားကျွန်းမြို့နယ် ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း တာ၀န်ရှိသူတစ်ဦးက ယနေ့ မေလ ၁၇ ရက်နေ့တွင် မဇ္စျိမသို့ ပြောသည်။

မိုခါ မုန်တိုင်း တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်အတွင်း ပြည်သူများ သေဆုံးမှု အချက်အလက်များသည် ကယ်ဆေးရေးလုပ်ငန်းဆောင်ရွက်နေသည့် ဒေသအခြေစိုက် အသင်းအဖွဲ့များက ၄င်းတို့ လက်လှမ်းမှီသည့် မြို့ပေါ်နှင့် အနီးတဝိုက်နေရာများတွင်သာ ကောက်ယူထားခြင်း ဖြစ်သည်။

သို့သော် ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာအများစုတွင် မုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုကြီးမားစွာဖြစ်ပေါ်ခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် ကူညီကယ်ဆယ်မှုများ သွားရောက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

အဆိုပါ ကျေးရွာများတွင် မုန်တိုင်း တိုက်ခတ်မှုကြောင့် ပြည်သူများ၏ အထိအခိုက်စာရင်းကို ကောက်ယူရရှိနိုင်ပါက သေဆုံးစာရင်း ထပ်တိုးလာနိုင်ဖွယ်ရှိကြောင်း ကယ်ဆယ်ရေးအသင်းများက ဆိုသည်။

အင်အားပြင်းမုန်တိုင်းတိုက်ခတ်မှုဒဏ် ပြင်းထန်စွာခံခဲ့ရသည့် ရခိုင်ပြည်နယ်တွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများလည်း အဆမတန်များပြားခဲ့ကာ မုန်တိုင်းဒဏ်သင့် ပြည်သူ ထောင်နှင့်ချီရှိနေကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီက ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းကြောင့် ရပ်ကွက်/ကျေးရွာ ၃၈၇ ရွာမှ လူနေအိမ် ၁၁၁၀၆ လုံး၊ သာသနိကအဆောက်အဦ ၆၃ ခု၊ ဘုန်းတော်ကြီးကျောင်း ၃၆ ကျောင်း၊ စာသင်ကျောင်း ၁၁၈ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၂၂ ခု၊ ဈေး ၁ ခု၊ လေဆိပ်အဆောက်အဦ ၁ ခု၊ ဆက်သွယ်ရေး တာဝါတိုင် ၁ ခု၊ ဓာတ်မီးတိုင် ၇ တိုင်၊ ထရန်စဖော်မာ ၁ လုံး၊ ဌာနဆိုင်ရာ အဆောက်အုံ ၇၂ လုံး၊ အခြားပျက်စီးမှု ၃၉၂ ခုရှိခဲ့ကြောင်း ထုတ်ပြန်သည်။

မိုခါ မုန်တိုင်း ရခိုင်ပြည်နယ်ကို ဖြတ်သန်း၀င်ရောက်သည့် မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအရေးပေါ်အစည်းအဝေးတွင် အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်က တစ်ယောက်မကျန် ကယ်ဆယ်မှုများ ပြုလုပ်ပေးမည်ဟု ပြောကြားခဲ့သည်။

ထို့အပြင် မုန်တိုင်း ၀င်ရောက်ပြီးနောက် မေလ ၁၅ ရက်နေ့က အာဏာသိမ်းစစ်ခေါင်းဆောင် စစ်တွေမြို့ကို လာရောက်သည့်အချိန်တွင်လည်း မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် ရခိုင်ပြည်နယ်ကို ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မူလအခြေအနေထက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သေးသည်။

သို့သော် မုန်တိုင်း တိုက်ခတ်ပြီးသည့်နောက် ယနေ့ မေလ ၁၇ ရက်နေ့အထိ စစ်ကောင်စီတပ်ဘက်က မည်သည့်အကူအညီမျှ လာရောက်ပေးအပ်ခြင်း မရှိသေးကြောင်း ဒေသခံအများစုက မဇ္စျိမကို ပြောကြားထားသည်ံ။

လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများကို ဒေသအခြေစိုက်ကယ်ဆယ်ရေးအသင်းအဖွဲ့များကသာ မြို့နယ်အတွင်းရှိ စာသင်ကျောင်းများနှင့် ဘုန်းကြီးကျောင်းများတွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပြီး ကူညီကယ်ဆယ်မှုများ ပြုလုပ်ပေးနေကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း ဆိုင်ကလုန်းမုန်တိုင်း “မိုခါ (MOCHA)” ဒဏ်ခံခဲ့ရသည့် ဒေသများအတွက် အရေးပေါ်တုံ့ပြန်ပြီး ကူညီကယ်ဆယ်ရေးတွေ လုပ်နိုင်ဖို့ ရန်ပုံငွေ အမေရိကန်ဒေါ်လာတစ်သန်း မတည်ထားကြောင်း ဆိုသည်။

ထို့အပြင် နောက်ထပ်အကူအညီများလည်း ပေးအပ်နိုင်ရန် မြေပြင်မှာရှိနေသည့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ တိုင်းရင်းသား မဟာမိတ်တပ်ဖွဲ့တွေနဲ့ ချိတ်ဆက် ဆောင်ရွက်နေကြောင်း ပြောကြားထားသည်။

မုန်တိုင်းဒဏ်ပြင်းထန်စွာခံစားခဲ့ရသည့် ရခိုင်ပြည်နယ်ရှိ ပြည်သူများအတွက် လက်ရှိအချိန်တွင် စားနပ်ရိက္ခာ၊ သောက်သုံးရေနှင့် ဆေး၀ါးများလည်း လိုအပ်နေကြောင်း ကူညီကယ်ဆယ်မှုပြုလုပ်ပေးနေသည့် ဒေသအခြေစိုက်ကူညီရေးအဖွဲ့အစည်းများထံမှ သိရသည်။

ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံအနောက်မြောက်ပိုင်းတွေမှာ နေထိုင်သူ လူဦးရေ ၅ ဒသမ ၄သန်းကျော် မုန်တိုင်းဒဏ်သင့် နိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA)က မေလ ၁၆ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima

#မိုခါမုန်တိုင်း

#ပြည်သူ ၁၅၀နီးပါးသေဆုံး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly