တိမ်းရှောင်နေရသော တနင်္သာရီတိုင်းNLD ဝန်ကြီးဟောင်းဦးမြင့်စန်း ကင်ဆာရောဂါဖြင့်ကွယ်လွန်

By ကိုရွှေမြိတ် (မဇ္ဈိမ)
17 May 2023
တိမ်းရှောင်နေရသော တနင်္သာရီတိုင်းNLD ဝန်ကြီးဟောင်းဦးမြင့်စန်း ကင်ဆာရောဂါဖြင့်ကွယ်လွန်

စစ်တပ်က အာဏာသိမ်းပြီး နောက် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည့် NLD အစိုးရ၏ တနင်္သာရီတိုင်းစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး‌ဟောင်း ဦးမြင့်စန်းသည် ကင်ဆာရောဂါဖြင့် ယနေ့ မေလ ၁၇ ရက်နံနက်ပိုင်းတွင် ကွယ်လွန်သွားကြောင်း သတင်းရရှ်ိသည်။

" ဦးမြင့်စန်းကွယ်လွန်သွားပါတယ်။ ဒီနေ့ပဲ။ ကင်ဆာရောဂါနဲ့လို့ ကြားတယ်။ သူ အဲ့လောက်အထိ ကျန်းမာရေးချုချာနေတယ်ဆိုတာ မသိဘူး" ဟု NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကပြောသည်။

ဝန်ကြီး‌ဟောင်း ဦးမြင့်စန်းသည် ကွယ်လွန်ချိန်တွင် အသက် ၆၇ နှစ်ရှိပြီဖြစ်သည်။၎င်းသည် ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ-NLDကိုယ်စားပြုကာ လောင်းလုံးမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့သည်။ထို့နောက် တနင်္သာရီတိုင်း အစိုးရအဖွဲ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ယခင် မဲဆန္ဒနယ်မှပင် ထပ်မံရွေးကောက်ခံရာအနိုင်ရခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက် လွတ်မြောက်နယ်မြေသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ထို့နောက် ကျန်းမာရေးအခြေအနေကြောင့် ထိုင်းနိုင်ငံဘက်သို့ ကူးကာ ဆေးကုသမှုခံယူနေစဉ် ကွယ်လွန်ခဲ့သည်ဟု သိရသည်။

" သူကလူတော်တစ်ယောက်ပါ။ သူ့ယုံကြည်ချက်အတိုင်း ရပ်တည်သူပါ။ ပုဂ္ဂိုလ်ရေးအရ လေးစားရတဲ့ နိုင်ငံရေးသမားတစ်ယောက်ပါ"ဟု ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကပြောသည်။

စာတည်း- မောင်ကြီး

#mizzima

#NLDဝန်ကြီး‌ဟောင်း

#ကင်ဆာရောဂါ

#ကွယ်လွန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly