မန္တလေးမြို့မှ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ ရေလှောင်ကန်အတွင်း အောက်ဆီဂျင်ပြတ်၍ သတိလစ်နေသူအားဆင်းကယ်သည့် အမျိုးသားတစ်ဦးသေဆုံးခဲ့သည့်ဖြစ်စဉ်တစ်ခု ယနေ့ မေလ ၁၇ ရက် နေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။
“ပန်းရံဆရာက ကန်ထဲမှာဘုတ်ပြားတွေခွာနေတုန်း သတိလစ်သွားတာ။ အဲဒါကို အဖော်ဖြစ်သူက ဆင်း ကယ်တာ သူပါသတိလစ်သွားတယ်။ ကယ်ဆယ်ရေးသမားတွေရောက်လာတော့ အရေးပေါ် အောက်ဆီ ဂျင်တွေတပ်ပေးပြီး ဆေးရုံချက်ချင်းပို့တယ်၊ ဆေးရုံရောက်တော့မှ ဆင်းကယ်တဲ့တစ်ယောက် ဆုံးသွားရှာ တယ်” ဟု မျက်မြင်တစ်ဦးကပြောသည်။
မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၂၃ လမ်း၊ ၆၃ လမ်းနှင့် ၆၄ လမ်းကြားရှိ ဆောက်လုပ်ရေးလုပ်ငန်း ခွင်တစ်ခုအတွင်း၌ ယနေ့မေလ ၁၇ ရက်နေ့ နံနက် ၉ နာရီခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သတိလစ်နေသူ နှစ်ဦးလုံးကို နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့မှလူနာတင်ယာဉ်ဖြင့် မန္တလေးဆေးရုံကြီးသို့ အမြန်ဆုံး ပို့ဆောင်ပေးခဲ့သော်လည်း ဆေးရုံတွင်တစ်ဦး သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
သေဆုံးအမျိုးသားသည် အမရပူရမြို့နယ် တလင်းကြီးကျေးရွာနေ အသက်(၃၅)နှစ်အရွယ် ကိုသက်နိုင် ဆိုသူဖြစ်ပြီး လက်ရှိတွင် သတိလစ်နေသည့်ပန်းရံဆရာကိုလည်း အောက်ဆီဂျင်ပေးထားရကြောင်း သိရသည်။
အဆိုပါရေလှောင်ကန်သည် အနက်ငါးပေခန့်သာရှိပြီး အဖုံးပိတ်ထားသည့်အတွက် ရေကန်အတွင်း အောက်ဆီဂျင်မဲ့နေစဉ် ရုတ်တရတ်အဖုံးဖွင့် ဆင်းသွားခြင်းကြောင့် အောက်ဆီဂျင်ပြတ်ပြီး နှစ်ဦးစလုံး သတိလစ်ခဲ့ခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့များကသုံးသပ်သည်။
“အဖုံးပိတ်ထားတဲ့ ရေကန်တွေထဲဆင်းရတော့မယ်ဆိုရင် သတိထားရပါမယ်။ အထဲမှာ အောက်ဆီဂျင် မရှိ သေးတော့ ချက်ချင်းမဆင်းရပါဘူး၊ အဖုံးဖွင့်ပြီးပြီးချင်းဆင်းလိုက်လို့ ဖြစ်သွားတာလို့ပဲ ယူဆကြပါတယ်” ဟု လူမှုကယ်ဆယ်ရေးအသင်းတစ်ခုမှတာ၀န်ရှိသူက မှတ်ချက်ပြုသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ