ဆိုင်ကလုန်းမိုခါကြောင့် ရခိုင်၌ လူ ၄၀၀ ကျော် သေဆုံးဟု ARNA အဖွဲ့ ထုတ်ပြန်

ဆိုင်ကလုန်းမိုခါကြောင့် ရခိုင်၌ လူ ၄၀၀ ကျော် သေဆုံးဟု ARNA အဖွဲ့ ထုတ်ပြန်
A man (C) checks his damaged house by cyclone Mocha in Sittwe in Myanmar's Rakhine state on May 17, 2023. (AFP Photo)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်နှင့် မြန်မာနိုင်ငံ ကျောက်ဖြူမြို့နယ်ကြားက ကမ်းရိုးတန်းတွင် တနင်္ဂနွေနေ့ ဝင်ရောက်တိုက်ခတ်သော မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၌ လူပေါင်း ၄၀၀ ကျော်ထက်မနည်း သေဆုံးကြောင်း လူ့အခွင့်အရေးအဖွဲ့တစ်ရပ်က ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

ရခိုင်မြို့တော် စစ်တွေရှိ ကမ်းရိုးတန်းရွာများသည် ကြီးမားသော ပျက်စီးမှုများ ဖြစ်ပေါ်ပြီး မွတ်စလင်အများစုဖြစ်သော လူ ၄၀၀ ကျော် သေဆုံးရကာ သေဆုံးသူဦးရေ ထိပ်တိုးနိုင်သည်ဟု အာရကန်ရိုဟင်ဂျာ အမျိုးသား မဟာမိတ်အဖွဲ့ ARNA က ထုတ်ပြန်ချက်၌ ဆိုသည်။ ပျက်စီးသည့် အိမ်ခြေပေါင်းမှာ ၁၀,၀၀၀ ကျော်ထက်မနည်းရှိသည်ဟု ယင်း ထုတ်ပြန်ချက်၌ ထပ်လောင်းဖော်ပြသည်။

ဒေသတွင်း အားအပြင်းဆုံး မုန်တိုင်းတစ်ခုဖြစ်သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းသည် တနင်္ဂနွေနေ့က ကုန်းတွင်းပိုင်း ဝင်ရောက်ပြီး သေဆုံးမှုနှင့် ပျက်စီးမှုများ ချန်ရစ်သည်။ ရခိုင်ကမ်းရိုးတန်းသို့ တစ်နာရီ မိုင် ၁၃၅ မိုင်ကျော်နှုန်းဖြင့် ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း Joint Typhoon Warning Center က ပြောသည်။

“စစ်တွေမှာ ရိုဟင်ဂျာ ၁၃၀,၀၀၀ လောက်က ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတာ ဖြစ်တယ်၊ သူတို့ထဲက အများစုကတော့ ဘေးလွတ်ရာ ရွှေ့ပြောင်းရတယ်၊ ခိုလှုံရာအိမ် ၃၈၀ လောက်ရှိတဲ့ ဒုက္ခသည်စခန်း တစ်ခုကတော့ ပေ ၃၀ ရေကြီးလို့ လုံးလုံး ပျက်စီးတယ်”ဟု Free Rohingya Coalition အဖွဲ့ကို ပူးတွဲတည်ထောင်သူ ဦးနေဆန်းလွင်က Anadolu သို့ ပြောသည်။

စစ်တွေရှိ ဒုက္ခသည်စခန်းအားလုံးတွင် သေဆုံးသူဦးရေသည် ၄၀၀ ကျော်ထက် ပို မြင့်မားနိုင်သည်ဟု သတင်းရင်းမြစ်အသီးသီးက ဆိုသည်။ သို့ရာတွင် ယင်းနယ်မြေတွင် မိုဘိုင်းဖုန်းနှင့် အင်တာနက်ဝန်ဆောင်မှု မရရှိခြင်းကြောင့် တိကျသော စာရင်းကို ရရှိနိုင်ရန် အချိန်ယူရဦးမည် ဖြစ်သည်။ စခန်းအားလုံးရှိ အခြေခံအဆောက်အအုံ ၉၀ ရာခိုင်နှုန်း ပျက်စီးသည်ဟု ဦးနေဆန်းလွင်က ထပ်လောင်းပြောသည်။

ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ် မြေနိမ့်ပိုင်းများတွင် မုန်တိုင်းကြောင့် ၉ ပေမှ ၉ ပေခွဲအထိ ဒီလှိုင်းမြင့်တက်ကြောင်း ကုလသမဂ္ဂ နောက်ဆုံး ထုတ်ပြန်ချက်အရ သိရသည်။

စစ်တွေရှိ အိမ်များ၊ ခိုလှုံရေးစခန်းများ၊ စာသင်ကျောင်းများ၊ ဗလီများ၊ ဘုန်းကြီးကျောင်းများ၊ ဆေးပေးခန်းများနှင့် အခြေခံအဆောက်အအုံများ အားလုံးနီးပါးမှာ မိုခါကြောင့် ပျက်စီးရသည်။ မုန်တိုင်းသည် ပုဏ္ဏားကျွန်း၊ ကျောက်ဖြူ၊ မြောက်ဦး၊ မြေပုံ၊ ပေါက်တောနှင့် ရသေ့တောင်တို့လည်း တိုက်ခတ်ခဲ့သည်။

ပြည်သူများ၏ အသက်ကို ကယ်တင်ရန် ပြည့်စုံလုံလောက်သော အားထုတ်မှုနှင့် သင့်တော်သော ဆိုင်ကလုန်း သဘာဝဘေး စီမံခန့်ခွဲမှုများ ချို့တဲ့သည့်အတွက် စစ်ကောင်စီအား ARNA က ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချထားသည်။

“အခုဆိုရင် ပြည်သူတွေ အခြေအနေဟာ စိုးရိမ်ရတယ်၊ သောက်သုံးရေ၊ ဆေးဝါး၊ ခိုလှုံနေရာ၊ စားနပ်ရိက္ခာနဲ့ မရှိမဖြစ် ပစ္စည်းတွေ လိုအပ်နေတယ်၊ နိုင်ငံတကာ အသိုက်အဝန်းနဲ့ NGOs တွေကို လာရောက်ကူညီဖို့ တိုက်တွန်းတယ်၊ စစ်ကောင်စီအနေနဲ့ ကူညီပေးရေး အေဂျင်စီတွေကို ခွင့်ပြုပေးသင့်တယ်”ဟု ယင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

(မိုးသဲ ဘာသာပြန်သည်။)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly