မုန်တိုင်းနောက်ဆက်တွဲအဖြစ် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တွင် ကလေးငယ် သန်းပေါင်းများစွာ ဘေးရှိနေ

မုန်တိုင်းနောက်ဆက်တွဲအဖြစ် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တွင် ကလေးငယ် သန်းပေါင်းများစွာ ဘေးရှိနေ
[Sai Aung Main/AFP]

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နယ်မြေအချို့တွင် တနင်္ဂနွေနေ့က တိုက်ခတ်သွားသော ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ကျန်ရစ်သော အပျက်အစီး ဆုံးရှုံးမှုများသည် ခုခံအားနည်းသော ကလေးငယ်များနှင့် မိသားစုများ၏ နေထိုင်ရှင်သန်ရေးကို ဆိုးဆိုးဝါးဝါး သက်ရောက်နေပြီး ၎င်းတို့အနက် တော်တော်များများမှာ နဂိုကတည်းက ဆိုးဝါးသည့် အခြေအနေ၌ ရှင်သန်နေကြရသူများဖြစ်သည်ဟု ယူနီဆက်ဖ်က မေ ၁၆ ရက်တွင် ထုတ်ပြန်သည်။

မုန်တိုင်း အဆိုးဆုံး ဖြတ်သန်းသွားပြီးချိန်မှာပင် မြေပြိုမှု ဘေးအန္တရာယ်များက မြင့်မားနေဆဲ ဖြစ်ပြီး ရေကြောင့် ဖြစ်သည့် ရောဂါများအပါအဝင် နောက်ထပ် ဘေးအန္တရာယ်များသည် လာမည့် ရက်များ၌ ကြီးထွားလာဦးဖွယ် ရှိသည်ဟု အဆိုပါ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

မိုခါဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ ကမ်းရိုးတန်းသို့ မေ ၁၄ ရက် ဒေသစံတော်ချိန် နေ့လယ် ၃ နာရီဝန်းကျင်၌ တိုက်ခိုက်ခြင်းဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခြင်းများ၊ လှိုင်းကြီးခြင်းများနှင့် လေပြင်းတိုက်နှုန်း တစ်နာရီ ၁၇၅ မိုင်အထိ ရောက်ရှိသည်။

“ကမ္ဘာပေါ်က ခုခံအား အနည်းဆုံး ကလေးတွေနဲ့ မိသားစုတွေဟာ သူတို့ ဖန်တီးတာမဟုတ်တဲ့ ပဋိပက္ခကို ထပ်မံ ကြုံရပြန်ပါတယ်၊ မုန်တိုင်း အဆိုးဆုံး ရိုက်ခတ်တဲ့ နယ်မြေဒေသတွေဟာ ပဋိပက္ခတွေ၊ ဆင်းရဲမွဲတေမှု၊ မတည်ငြိမ်မှု၊ ရာသီဥတုပြောင်းလဲမှုနဲ့ သဘာဝပတ်ဝန်းကျင်ဘေးတွေရဲ့ ဒဏ်ကို ခံနေကြရသူတွေ ဖြစ်တယ်”ဟု ယူနီဆက်ဖ်၏ အမှုဆောင် ညွှန်ကြားရေးမှူး ကက်သရင်း ရပ်စ်ဆဲလ်က ပြောသည်။

“ဒီ ဆိုင်ကလုန်း နောက်ဆက်တွဲမှာ ကလေးငယ်တွေရဲ့ အားချင်း လိုအပ်ချက်တွေကို ချက်ချင်း အကဲဖြတ် တုံ့ပြန်နေပါတယ်၊ ကလေးငယ်တွေနဲ့ သူတို့ မိသားစုတွေ နေရေးထိုင်ရေး ဘေးကင်းပြီး တိုးတက်ကောင်းမွန်ဖို့က ရေရှည်ဖြေရှင်းမှုရှိတဲ့ ရန်ပုံငွေ မတည်တာပဲ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။

တနင်္ဂနွေနှောင်းပိုင်းတွင် မုန်တိုင်းသည် အားပျော့သွားခဲ့ပြီး အိမ်များ၊ ဆေးပေးခန်းများ၊ စာသင်ကျောင်းများနှင့် အခြားသော မရှိမဖြစ် အခြေခံ အဆောက်အအုံများ ပျက်စီးကျန်ရစ်သည်။ မုန်တိုင်းဒဏ်သင့်သည့် ပြည်သူတော်တော်များများမှာ ဒုက္ခသည်များနှင့် ပြည်တွင်းနေရာရွှေ့ပြောင်းရသူများ ဖြစ်ကြကာ ဒုက္ခသည်စခန်းများနှင့် ရောက်ရန် ခက်ခဲသော နယ်မြေဧရိယာများတွင် နေထိုင်နေကြရသူများ ဖြစ်သည်။ ၎င်းတို့သည် စားနပ်ရိက္ခာ၊ ရေ၊ ကျန်းမာရေး၊ ပညာရေးနှင့် အကာအကွယ်တို့အတွက် လူသားချင်း စာနာထောက်ထားရေး အကူအညီ သည်းထန်စွာ လိုအပ်နေကြသူများ ဖြစ်သည်။

မြန်မာနိုင်ငံ၏ အခြေအနေသည် အထူးသဖြင့် ဆိုးဝါးပြီး ရိုဟင်ဂျာ၊ ရခိုင်တိုင်းရင်းသားနှင့် အခြား အသိုက်အဝန်းများမှ ပြည်တွင်းနေရပ် ရွှေ့ပြောင်းသူ ၁ ဒသမ ၂ သန်း အပါအဝင် ပြည်သူ ၁၆ သန်းကျော် မုန်တိုင်းလမ်းကြောင်း၌ ကျရောက်ပြီး ယင်းတို့အနက် ၅ ဒသမ ၆ သန်းမှာ ကလေးငယ်များ ဖြစ်ကြကြောင်း ယူနီဆက်ဖ်က ထုတ်ပြန်ထားသည်။

(မိုးသဲ ဘာသာပြန်သည်။)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly