ငြိမ်းချမ်းရေးလုပ်ငန်းများ ဦးဆောင်ဦးရွက်ပြုရန် EAO PPST ကိုဖွဲ့စည်း

ငြိမ်းချမ်းရေးလုပ်ငန်းများ ဦးဆောင်ဦးရွက်ပြုရန် EAO PPST ကိုဖွဲ့စည်း

ချင်းမိုင်၊ မတ် ၂၇ ။            ။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူ စာချုပ်မူကြမ်း (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ဒုတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေးမှ “တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (EAO Peace Process Steering Team-EAO PPST)ကို ဖွဲ့စည်းလိုက်သည်။

ထိုအဖွဲ့တွင် ခေါင်းဆောင်အဖြစ် ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဌ ဗိုလ်ချုပ်မူထူးစေးဖိုး၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS) ဒုတိယ ခေါင်းဆောင်အဖြစ် ဒု ဗိုလ်ချုပ်ကြီး ယွက်ဆစ်တို့ ဦးဆောင်ကာ အဖွဲ့အစည်း ၈ ဖွဲ့မှ တစ်ဦးဆီ အပါအဝင် ၈ ဦးဖြင့် ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

“အလုပ်လုပ်တဲ့ နေရာမှာ ဦးဆောင် ဦးရွက်ပြုတဲ့အဖွဲ့ဖြစ်ရမယ်။ ဒါကြောင့် တပ်ပေါင်းစုအသစ်၊ တပ်ပေါင်းစုသဏ္ဍန်၊ နိုင်ငံရေး၊ စစ်ရေး တပ်ပေါင်းစုပုံသဏ္ဍန် မဟုတ်ဘဲ ပေါ်လစီအရ ကျနော်တို့ ၈ ဖွဲ့ရဲ့ လုပ်ငန်းတွေ ဦးဆောင်သွားဖို့ အဖွဲ့ Team လို့ သုံးတယ်”ဟု ထိပ်သီး အစည်းအဝေး၏ ပြောရေးဆိုခွင့်ရှိသူ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့(PNLO) ဗိုလ်မှူးကြီး ခွန်ဥက္ကာက သတင်းထောက်များကို ပြောကြားခဲ့သည်။

ယင်းအဖွဲ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရနှင့်သော်လည်းကောင်း၊ နိုင်ငံတကာနှင့်သော်လည်းကောင်း၊ အဖွဲ့အစည်း အချင်းချင်းကြားတွင်သော်လည်းကောင်း ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းများတွင် ဦးဆောင်နိုင်ရန်အတွက် ဖွဲ့စည်းရခြင်း ဖြစ်သည်ဟု သူက ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ညီလာခံမှ ဆုံးဖြတ်ချက်များကို လုပ်ငန်းလုပ်ဆောင်ရာတွင် လျင်မြန်ရန်အတွက် ဖွဲ့စည်းခြင်း ဖြစ်သည်ဟု ချင်းအမျိုးသားတပ်ဦး(CNF)မှ ဥက္ကဌ ပူးဇင်ကျုံးက ပြောသည်။

”ဒီ PPSTကတော့ငြိမ်းချမ်းရေးစတင်ကတည်းက ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလလောက်ကတည်းက ဖွဲ့ဖို့ ကြိုးစားလာခဲ့တာ။ ကျနော်တို့ အစိုးရနဲ့ စကားပြောတာဘဲ ဖြစ်ဖြစ်၊ ဒိုင်ယာလောဒ်လုပ်တဲ့အခါမှာဘဲ ဖြစ်ဖြစ်၊ နောက်တခုခု လုပ်မယ်ဆိုရင် အဲဒီအဖွဲ့တွေက ညီလာခံကို တင်ပြရတယ်။ ထိပ်သီးအစည်းအဝေးကို တင်ပြရတယ်။ ဒါကြောင့် လုပ်ငန်းတွေ နောင့်နည်းမှု ရှိတယ်။ ဒါကြောင့် ဒီအဖွဲ့ကလည်း ညီလာခံကို တင်ပြစရာ မလိုဘဲ။ ညီလာခံက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်၊ ပေါ်လစီအရ ခန့်မြန်မြန် တင်ပြနိုင်အောင် ဖွဲ့စည်းတာ ဖြစ်တယ်”ဟု သူက သတင်းထောက်များကို ပြောသည်။

၃ ရက်ကြာ ကျင်းပသော ထိပ်သီးအစည်းအဝေးတွင် NCA အကောင်အထည်ဖော်မှု အခြေအနေများ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ခေါ်ယူကျင်းပနိုင်မှု အပါအဝင် NCA အကောင်အထည်ဖော်မှုဆိုင်ရာညှိနှိုင်းရေး အစည်းအဝေး (JICM)၊ အပစ်ရပ်စာချုပ် စောင့်ကြည့်ရေး ပူးတွဲကော်မတီ(JMC)၊ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပူးတွဲကော်မတီ(UPDJC ) စုဖွဲ့မှု၊ အကောင်အထည်ဖော်မှုများနှင့် လက်ရှိ အစိုးရနှင့် နိုင်ငံရေးဆွေးနွေးပွဲကို အစပျိုးနိုင်ခဲ့ခြင်းအပေါ် သုံးသပ်ခဲ့သည်ဟု သိရသည်။

၎င်းထိပ်သီးခေါင်းဆောင်များအနေဖြင့် ဆွေးနွေးမှုတွင် အချက် ၁၆ ချက်ကို ဆုံးဖြတ်ချက်ရှိပြီး အချက် ၅ ချက်ကို အတည် ပြုနိုင်ခဲ့ကာ အချက် ၁ ချက်ကို မှတ်တမ်းတင်နိုင်ခဲ့သည်ဟု အစည်းအဝေးအပြီး ကြေငြာချက် ထုတ်ပြန်၍ သတင်းစာ ရှင်းလင်းပွဲတွင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက သတင်းထောက်များကို ပြောကြားခဲ့သည်။

NLD အစိုးရမှ တက်လာမည့် သမ္မတ ဦးထင်ကျော်အား ကြိုဆိုကြောင်းနှင့် ငြိမ်းချမ်းရေး လုပ်ငန်းများကို အမြန်ဆုံး ဆက်လက် အကောင်အထည် ဖော်ရန်နှင့် ၎င်းတို့အနေဖြင့် အရံသင့် ပြင်ဆင် စောင့်ဆိုင်း နေပါကြောင်း အစည်းအဝေးတွင် သဘောထား ချမှတ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

နိုင်ငံတော် သမ္မတသစ် ဦးထင်ကျော်၏ တိုင်းပြည်သို့ မိန့်ကြားမည့် ပထမဆုံး နိုင်ငံတော် အခြေပြ မိန့်ခွန်းတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အလားအလာကောင်းများ ပါဝင်လာမည်ဟု ၎င်းတို့ မျော်လင့်ကြောင့် ဖော်ပြထားသည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)နှင့် ပဏာမတွေ့ဆုံ ဆွေးနွေး ညှိနှိုင်းနိုင်ရန် (Delegation for EAO Unity -DEU) ခေါ်သော ကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။  DEU အဖွဲ့တွင် ရခိုင်လွတ်မြောက်ရေးပါတီ (ALP)မှ ဒု ဥက္ကဌ ဦးခိုင်စိုးနိုင် အောင်နှင့် KNU အထွေထွေ အတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းတို့ ဦးဆောင်သော ကိုယ်စားလှယ် ၈ ဦး ပါဝင်ပြီး ၎င်းအဖွဲ့သည် UNFC မှ နိုင်ငံရေး ဆိုင်ရာညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (Delegation for Political Negotiation (DPN)နှင့် မတ်လ ၂၇ ရက်တွင် တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်သည်။

၎င်းတွေ့ဆုံမှုတွင် ညီညွတ်မှုကို ဆက်လက် ထိန်းသိမ်းပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီးတွင် အားလုံး ပါဝင်လာနိုင်မည့် လမ်းစဖြစ်လိမ့်မည်ဟု ယုံကြည်ကြောင်း ဆိုထားသည်။ NCA လက်မှတ်ရေးထိုးထားသေ အဖွဲ့အစည်းများအားလုံး နိုင်ငံရေး ရည်မှန်းချက် စောင့်ထိန်းလျက် အစိုးရသစ်နျင့် ညှိနှိုင်းကြိုးပမ်းသွားမည် ဖြစ်ကြောင်း သဘောထားထုတ်ပြန်လိုက်သည်။

မတ်လ ၂၄ ရက်မှ ၂၆ ရက်ထိ သုံးရက်ကြာ ကျင်းပခဲ့ပြီး  NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ဒုတိယကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များနှင့် လေ့လာသူများနှင့် နည်းပညာ အကြံပေးများ စုစုပေါင်း ၇၉ ဦး တက်ရောက် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags