ဆိုင်ကလုန်းမုန်တိုင်း မိုခါက မြန်မာပြည်သူ ၅ ဒသမ ၄ သန်းအပေါ် သက်ရောက်ဟု ကုလသမဂ္ဂ ပြော

ဆိုင်ကလုန်းမုန်တိုင်း မိုခါက မြန်မာပြည်သူ ၅ ဒသမ ၄ သန်းအပေါ် သက်ရောက်ဟု ကုလသမဂ္ဂ ပြော
Photo-AFP

ရခိုင်ပြည်နယ်က “ခုခံအားနည်းပြီး အခြေအနေ ဆိုးနေပြီးသား” နယ်မြေဧရိယာများကို ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဝင်ရောက်တိုက်ခတ်ခြင်းက “ခြောက်အိပ်မက် သဖွယ်” ဖြစ်ပြီး မုန်တိုင်းလမ်းကြောင်းအတွင်း ခန့်မှန်းလူပေါင်း ၅ ဒသမ ၄ သန်းအပေါ် သက်ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားရေး ညှိနှိုင်းရေးမှူးတစ်ဦးက အင်္ဂါနေ့တွင် ပြောသည်။

ဆိုင်ကလုန်းမုန်တိုင်းသည် ရခိုင်ပြည်နယ်ဆီ တနင်္ဂနွေနေ့က “ရက်စက်ကြမ်းတမ်းသော အင်အား” ဖြင့် ဝင်ရောက်တိုက်ခတ်ကြောင်း ရာမာနာသန် ဘာလက်ခရစ်နန်းက မြန်မာနိုင်ငံမှနေ၍ ကုလသမဂ္ဂ သတင်းစာရှင်းလင်းပွဲသို့ အွန်လိုင်းဗီဒီယိုမှတစ်ဆင့် ပြောခြင်း ဖြစ်သည်။

“မုန်တိုင်းလမ်းကြောင်းက ပြည်သူတွေအတွက်တော့ တကယ်ပဲ ကြောက်လန့်စရာ အတွေ့အကြုံဖြစ်ခဲ့တယ်၊ ခုချိန်မှာ အဲဒီ ဧရိယာတွေမှာ အကြီးစား ရှင်းလင်းမှုတွေနဲ့ ပြန်လည်တည်ဆောက်ရေးတွေ လုပ်ကိုင်နေရတယ်”ဟု ဘာလက်ခရစ်နန်းက ပြောပြီး မုန်တိုင်းလမ်းကြောင်းတွင် ပြည်သူ ၅ ဒသမ ၄ သန်း ခန့်မှန်းခြေရှိနေပြီး ယင်းတို့အနက် ၃ ဒသမ ၉ သန်းမှာ နဂိုကတည်းက ခုခံအားနည်းနေပြီးသားဖြစ်ကြောင်း ဖြည့်စွက်ပြောသည်။

ကမ်းရိုးတန်းကို တိုက်ခတ်ပြီးနောက် မုန်တိုင်းသည် ကုန်းတွင်းသို့ ဝင်ရောက်လာခဲ့ရာ ပဋိပက္ခများကြောင့် ဘေးလွတ်ရာ ရွှေ့ပြောင်းနေနေသည့် ပြည်သူသန်းပေါင်းများစွာ ရှိနေရာ နယ်မြေဧရိယာများ၌ ရေကြီးမှုများ ဖြစ်ပွားစေသည်ဟု ၎င်းက ရှင်းလင်းသည်။

မြန်မာနိုင်ငံတွင် ပြည်သူ ၁၇ သန်းခန့် လူသားချင်း စာနာထောက်ထားရေး အကူအညီ လိုအပ်နေပြီး ယင်းသည် ယူကရိန်းလောက်နီးပါးပင် ဖြစ်သည်ဟု ၎င်းက ပြောသည်။

ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားရေး အေဂျင်စီမှ အိုလဂါ ဆာရာဒိုကလည်း သူမ၏ အပိုင်းအဖြစ် ဘင်္ဂလားဒေ့ရှ်က အခြေအနေကို ဖော်ပြပြီး ရိုဟင်ဂျာ ဒုက္ခသည်စခန်းများတွင် ဆိုးဆိုးဝါးဝါး သက်ရောက်သည်ဟု ပြောဆိုသည်။

ဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာ ၂၁,၀၀၀ ကျော်နှင့် အိမ်ထောင်စု ၄,၀၀၀ ကျော်ထက်မနည်း သက်ရောက်သည်ဟု ဆာရာဒိုက ပြောပြီး သေဆုံးမှု သတင်း မသိရသေးကြောင်း ဖြည့်စွက်ဆိုသည်။

ဘင်္ဂလားဒေ့ရှ်တွင် ရိုဟင်ဂျာ ဒုက္ခသည်များအတွက် အဓိက ခက်ခဲနေချိန် မုန်တိုင်း တိုက်ခတ်ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

ခိုလှုံရာနေရာ၊ သောက်ရေ၊ မိလ္လာစနစ်နှင့် ဆေးဝါးအထောက်အပံ့တို့က ထိပ်တန်းလိုအပ်ချက်ဖြစ်နေသည်ဟု လူသားချင်း စာနာထောက်ထားရေး လုပ်သားများ၏ သဘာဝဘေးအပြီး ခန့်မှန်းချက်အရ သိရသည်။

တောင်းဆိုထားသည့် ရန်ပုံငွေ၏ ၁၆ ရာခိုင်နှုန်းသာ လက်ရှိ၌ မတည်ထားနိုင်သည်ဟု ဆာရာဒိုက ဆိုသည်။

မိုခါ ဆိုင်ကလုန်းမုန်တိုင်းသည် တနင်္ဂနွေနေ့က ဘင်္ဂလားဒေ့ရှ်၊ ကော့ဘဇားနှင့် မြန်မာ၊ ကျောက်ဖြူမြို့နယ်ကြား ကမ်းရိုးတန်းတစ်လျှောက် တိုက်ခတ်သွားခြင်း ဖြစ်သည်။

(မိုးသဲ ဘာသာပြန်သည်။)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required