မိုခါ ဆိုင်ကလုန်းမုန်တိုင်းအတွင်း ရိုဟင်ဂျာမွတ်စလင်များ သေဆုံးမှု များပြား

မိုခါ ဆိုင်ကလုန်းမုန်တိုင်းအတွင်း ရိုဟင်ဂျာမွတ်စလင်များ သေဆုံးမှု များပြား
Local residents clean debris of their destroyed houses at the Khaung Dote Khar Rohingya refugee camp in Sittwe, in Myanmar's Rakhine state, on May 15, 2023, after cyclone Mocha made a landfall. Photo: AFP

ပြီးခဲ့သည့် သီတင်းပတ်ကုန်က တိုက်ခတ်ခဲ့သော မိုခါဆိုင်ကလုန်းမုန်တိုင်း၌ မြန်မာနိုင်ငံအတွင်း တော်တော်များများ ပျက်စီးဆုံးရှုံးမှုများနှင့် နေရာတော်တော်များများသို့ အဆက်အသွယ် မရခြင်းနှင့်အတူ ရိုဟင်ဂျာမွတ်စလင် တော်တော်များများ သေဆုံးကြောင်း အကူအညီပေးရေး အဖွဲ့တစ်ရပ်နှင့် မီဒီယာတို့က အင်္ဂါနေ့တွင် ပြောသည်။  

မြန်မာနိုင်ငံ၏ ပဋိပက္ခ ဒဏ်သင့်ရာ ရခိုင်ပြည်နယ်တွင် တနင်္ဂနွေနေ့က တစ်နာရီ မိုင် ၁၃၀ နှုန်းဖြင့် မုန်တိုင်း တိုက်ခတ်ခဲ့ကာ အိမ်ခေါင်းမိုးများ လွင့်ထွက်ပြီး ပြည်နယ်၏ မြို့တော် စစ်တွေတွင် ရေလွှမ်းမှုများ ဖြစ်ပေါ်သည်။

သေဆုံးသူနှင့် ဒဏ်ရာရသူ တော်တော်များများ ရှိကြောင်း မြေပြင်သတင်းရင်းမြစ်ကို ကိုးကားပြီး အစိုးရမဟုတ်သည့် အကူအညီပေးရေးအဖွဲ့ Partners က တွစ်တာတွင် ရေးသားသည်။ အပျက်အစီးများကို ပြသသော ဗီဒီယိုတစ်ရပ်ကိုလည်း တင်ခဲ့သည်။

သေဆုံးသူ ဦးရေကို ရိုက်တာအနေဖြင့် လွတ်လပ်စွာ အတည်မပြုနိုင်ပေ။ လူ သုံးဦး သေဆုံးသည်ဟု နိုင်ငံပိုင်မီဒီယာက တနင်္လာနေ့တွင် ဖော်ပြထားသည်။

“ဆိုင်ကလုန်း မိုခါဒဏ် သက်ရောက်တဲ့ ရိုဟင်ဂျာ အသိုင်းအဝန်းဆီ ဆန်ကဲ့သို့ မရှိမဖြစ် အကူအညီတွေ ထောက်ပံ့နိုင်ဖို့ အစွမ်းကုန် ကြိုးပမ်းနေပါတယ်”ဟု တွစ်တာ၌ အခြားပို့စ်တစ်ခု၌ Partners က ရေးသားသည်။

မြန်မာနိုင်ငံ အနောက်ပိုင်းတွင် အဆက်ဆက်သော အစိုးရများက အသိအမှတ်ပြုရန် ငြင်းဆန်သည့် ဖိနှိပ်ခံ လူနည်းစုများဖြစ်သော ရိုဟင်ဂျာ ထောင်ပေါင်းများစွာ နေထိုင်ကြသည်။ ရိုဟင်ဂျာ တစ်သန်းကျော်ထက်မနည်းသည် ပြီးခဲ့သည့်နှစ်များအတွင်း စစ်တပ်၏ ဖြိုခွင်းမှုများကြောင့် တိမ်းရှောင်ထွက်ပြေးကြကာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ရှိ ပြန့်ကျဲနေသော ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြသည်။

ရိုဟင်ဂျာ ၂၂ ဦး သေဆုံးကြောင်း ဒေသခံများကို ကိုးကားပြီး Myanmar Now သတင်းဌာနက ဖော်ပြထားသည်။

သေကျေပျက်စီးမှုများနှင့် ပတ်သက်ပြီး နိုင်ငံပိုင် မီဒီယာက အင်္ဂါနေ့တွင် ဖော်ပြခြင်း မရှိသော်လည်း အပျက်အစီးအား ကြည့်ရှုရန်၊ ငွေကြေးလှူဒါန်းရန်နှင့် စီစဉ်ညွှန်ကြားရန် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က စစ်တွေသို့ သွားရောက်ကြောင်း ဖော်ပြသည်။

တနင်္ဂနွေနေ့က မုန်တိုင်း မကျရောက်မီ၌ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်၌ လူပေါင်း ၄၀၀,၀၀၀ နီးပါးကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့သည်။

မုန်တိုင်းမတိုင်ခင်ကပင် ယင်းဒေသတွင် လူပေါင်း ခြောက်သန်းခန့် လူသားချင်း စာနာထောက်ထားရေး အကူအညီများ လိုအပ်နေပြီး ယင်းတို့အနက် ၁ ဒသမ ၂ သန်းမှာ လက်နက်ကိုင် ပဋိပက္ခများကြောင့် ပြည်တွင်းနေရပ် ရွှေ့ပြောင်းကြရသူများ ဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားရေးရုံး (OCHA) က ပြောသည်။

မုန်တိုင်းအပြီး သွားရောက်ခဲ့သော ကျေးရွာများမှ အကဲဖြတ်ချက်များကို မူတည်ပြီး ရိုဟင်ဂျာ ၁၀၀ ကျော် သေဆုံးသည်ဟု ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်သည့် အမည်မဖော်သော ဒေသခံ တစ်ဦးက ရိုက်တာသို့ ပြောသည်။

“မုန်တိုင်းအတွင်းမှာ ပျောက်ဆုံးနေသူများလည်း အများကြီး ရှိတယ်၊ ခုထိ ကျွန်တော်တို့ မျှော်လင့်ချက် မရှိသေးဘူး”ဟု ၎င်းက ပြောသည်။

ရိုက်တာက ဆက်သွယ်သော အခြား ဒေသခံနှစ်ဦးကလည်း အသေးစိတ် မဆိုပေမယ့် သေဆုံးသူ အတော်များသည်ဟု ပြောသည်။

ယခု မိုခါမုန်တိုင်းသည် ၂၀၀၈ ခုနှစ်က လူပေါင်း ၁၄၀,၀၀၀ နီးပါး သေဆုံးခဲ့သော မြန်မာနိုင်ငံ တောင်ပိုင်းဒေသများအနှံ့ တိုက်ခတ်ခဲ့သည့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းအပြီး အဆိုးဆုံး မုန်တိုင်းပဲ ဖြစ်သည်။

(မိုးသဲ ဘာသာပြန်သည်။)

https://www.reuters.com/world/asia-pacific/many-rohingya-muslims-killed-...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly