ဘာသာရေးလွတ်လပ်ခွင့် ထိခိုက်မှုများအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ နှစ်ပတ်လည်အစီရင်ခံစာတွင် တရုတ်နှင့်မြန်မာကို ဝေဖန်ရှုတ်ချ

ဘာသာရေးလွတ်လပ်ခွင့် ထိခိုက်မှုများအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ နှစ်ပတ်လည်အစီရင်ခံစာတွင် တရုတ်နှင့်မြန်မာကို ဝေဖန်ရှုတ်ချ

အမေရိကန်နိုင်ငံခြားရေးဌာန၏ မေလ ၁၅ ရက်က ထုတ်ပြန်သည့် ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ နှစ်ပတ်လည် ကမ္ဘာ့အစီရင်ခံစာတွင်  ဘာသာရေးလွတ်လပ်ခွင့်အပေါ် ကန့်သတ်ချက်အသစ်များချမှတ်သည့် တရုတ်နိုင်ငံကို ပြင်းပြင်းထန်ထန် ဝေဖန်ထားသည်။

မြန်မာစစ်အုပ်စုကိုလည်း ပြည်တွင်းစစ်ဖြစ်ချိန်၌ ဘာသာရေးအဆောက်အအုံနေရာများကို တိုက်ခိုက်မှုအတွက် အပြစ်ရှိကြောင်း ပြစ်တင်ရှုတ်ချထားသည်။

ကမ္ဘာ့တစ်ဝန်းရှိ နိုင်ငံ ဒေသပေါင်း ၂၀၀ နီးပါးရှိ ဘာသာရေးလွတ်လပ်ခွင့်အခြေအနေကို ခြုံငုံသုံးသပ်ထားသည့် ၂၀၂၂ ခုနှစ် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်အစီရင်ခံစာတွင် တရုတ်နိုင်ငံသည် ကွန်မြူနစ်ပါတီအယူဝါဒနှင့်အညီ ဘာသာရေးဆိုင်ရာ ကျင့်ထုံးများအားလုံးကို တရုတ်ဇာတ်သွင်းရန် ကြိုးပမ်းနေကြောင်း အလေးပေးဖော်ပြထားသည်။

ထိုကြိုးပမ်းချက်များတွင် ဘာသာပေါင်းစုံမှ ဘုန်းတော်ကြီးများအား နိုင်ငံရေးအယူဝါဒဆိုင်ရာ ဆွေးနွေးပွဲများ တက်ရောက်ခိုင်းကာ ပါတီနှင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှု အလေးပေးသည့် တရားပွဲများအတွက် အကြောင်းအရာများကို အကြံပြုခြင်း ပါဝင်သည်။

တရုတ်သမ္မတရှီကျင့်ဖျင်က ယမန်နှစ် အောက်တိုဘာ ၁၆ ရက်ကပြုလုပ်သည့် ၂၀ ကြိမ်မြောက်ပါတီကွန်ဂရက်၌ မိန့်ခွန်းပြောကြားရာတွင် တရုတ်နိုင်ငံရှိ ဘာသာတရားများသည် တရုတ်လူမျိုးများနှင့် အသားကျသင့်ပြီး ဆိုရှယ်လစ်လူ့အဖွဲ့အစည်းနှင့် လိုက်လျောညီထွေဖြစ်စေသော အယူဝါဒများအတွက် ထိရောက်သောလမ်းညွှန်ချက်ပေးရမည်ဟူသော မူကို ပါတီအနေဖြင့် ကတိပြုထားသည်ဟု ဆိုသည်။

ထို့ပြင် အစီရင်ခံစာတွင် နိုင်ငံအနောက်ဖျားတွင် နေထိုင်သည့် မွတ်စလင်ဝီဂါများ၊ တိဗက်ဗုဒ္ဓဘာသာဝင်များနှင့် ခရစ်ယာန်များအပေါ် တရုတ်လူမျိုးများ၏ ဖိနှိပ်မှုများကိုလည်း အလေးပေးဖော်ပြခဲ့သည်။ 

“တရုတ်နိုင်ငံဟာ မွတ်စလင်ဝီဂါတွေကို ဖမ်းဆီး ထောင်ချပြီးတော့ ပြန်လည်ပညာပေးရေးစခန်းတွေဆီ ပို့ပါတယ်။ သူတို့က တိဗက်ဗုဒ္ဓဘာသာဝင်တွေ၊ တရုတ်ခရစ်ယာန်တွေနဲ့ ဖာလုံဂေါင်အယူဝါဒကျင့်သုံးသူတွေကို ဆက်ဖိနှိပ်နေတုန်းပါ” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က မေလ ၁၅ ရက်က ပြောကြားခဲ့သည်။ 

တရားဝင်ခွင့်ပြုချက်မရထားသော ပြည်တွင်းဘာသာရေးအကြောင်းအရာများကို အွန်လိုင်းတွင် တင်ခြင်းအား ပိတ်ပင်ထားပြီး နိုင်ငံခြားအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကိုလည်း တရုတ်နိုင်ငံတွင် အွန်လိုင်း ဘာသာရေးဆိုင်ရာအကြောင်းအရာများ ဖြန့်ဝေခြင်းအား တားမြစ်သည့် အင်တာနက်ပေါ်ရှိ ဘာသာရေးဆိုင်ရာ သတင်းအချက်အလက်များ စီမံခန့်ခွဲရေးဆိုင်ရာ စီမံချက်များဟူသော ၂၀၂၂ ခုနှစ် မတ်လက စတင်အသက်ဝင်ခဲ့သည် ဥပဒေအသစ်ကိုလည်း အစီရင်ခံစာတွင် ကိုးကားဖော်ပြထားသည်။

တရုတ်အစိုးရသည် ဘာသာရေးဝက်ဘ်ဆိုက်များကို ပိတ်ဆို့ကာ  WeChat စာတိုပို့သည်ပလက်ဖောင်းမှ ဘာသာရေးဆိုင်ရာ အကြောင်းအရာများကိုလည်း ဆင်ဆာဖြတ်တောက်ကြောင်း အစီရင်ခံစာက ဆိုသည်။ တရုတ်အာဏာပိုင်များသည် သမ္မာကျမ်းစာများ၊ ကုရ်အာန်ကျမ်းများနှင့် အခြားဘာသာရေးစာပေများကို ပုံနှိပ်ခြင်းနှင့် ဖြန့်ချိခြင်းတို့ကိုလည်း ကန့်သတ်ထားသည်။

တရုတ်အာဏာပိုင်များသည် နိုင်ငံတော်က ဒဏ်ခတ်ပိတ်ဆို့ထားသော ဘာသာရေးအသင်းအဖွဲ့များရှိ ခေါင်းဆောင်များနှင့် ဝတ်ပြုကိုးကွယ်သူများကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ကွန်မြူနစ်ပါတီဝင်များနှင့် လက်နက်ကိုင်တပ်ဖွဲ့ဝင်များမှာ ဘာသာမဲ့ဖြစ်ပြီး ဘာသာရေးဆိုင်ရာလေ့လာလိုက်စားမှုများတွင် ပါဝင်ခြင်းမပြုရန် တားမြစ်ခံထားရသည်။

အရှေ့တောင်အာရှနိုင်ငံများအနက် မြန်မာနိုင်ငံတွင် စစ်အုပ်စုကိုဆန့်ကျင်ကာ တိုက်ပွဲဝင်နေသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များရှိရာ နေရာများရှိ အရပ်သားများအပေါ်  တိုက်ခိုက်မှုများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေချိန်တွင် ဘာသာရေးအဆောက်အအုံနေရာများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်မှုကိုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

“မြန်မာစစ်အုပ်စုက ဘာသာရေး လူနည်းစုတွေအပေါ် ဖိနှိပ်မှုတွေ လုပ်ဆောင်နေချိန်မှာ မွတ်စလင်၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်နဲ့ တခြားဘာသာဝင် ထောင်ပေါင်းများစွာက ဘာသာရေး လွတ်လပ်ခွင့်နဲ့ ဘာသာတွေအကြား လေးစားမှု အပါအဝင် လူ့အခွင့်အရေးရဲ့ အရေးပါမှုကို ဆက်လက်ပြီး ထုတ်ဖော်ပြောဆိုနေကြပါတယ်” ဟု ဘလင်ကန်က ဆိုသည်။

တိုက်ခိုက်သည့် ဖြစ်ရပ်များစွာကိုလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အစီရင်ခံစာတွင် ရေးသားထားကြောင်း RFA ကဖော်ပြခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် စက်တင်ဘာ ၁၆ ရက်က လေကြောင်းတိုက်ခိုက်မှုကြောင့် ကက်သလစ်ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ စာသင်ကျောင်းတစ်ကျောင်း ပျက်စီးခဲ့ပြီး ကလေးငယ် ၇  သေဆုံးကာ တခြား ၁၇ ဦး ဒဏ်ရာရရှိခဲ့သလို ထိုနေ့တွင်ပင် ရှမ်းပြည်နယ်တွင်လည်း အလားတူလေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသော ကလေးငယ် ၂ ဦးအပါအဝင် ၄ ဦးသေဆုံးခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးတွင် ဒါဇင်နှင့်ချီသော သံဃာများကို ထိန်းသိမ်းထားကာ စစ်အုပ်စုကို ဆန့်ကျင်သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဆက်စပ်သည်ဟု သံသယရှိသည့် သံဃာတော်များကိုလည်း  စစ်တပ်က ဖမ်းဆီးခြင်း သို့မဟုတ် သတ်ဖြတ်ခြင်းများလုပ်ဆောင်ကြောင်း အစီရင်ခံစာတွင် ကိုးကားဖော်ပြထားသည်။

စစ်ကောင်စီသည် ချင်းပြည်နယ်ရှိ ဒါဇင်နှင့်ချီသော ခရစ်ယာန်ဘုရားရှိခိုးကျောင်းများ၊ ကယားပြည်နယ်ရှိ ခရစ်ယာန်ဘုရားကျောင်းများနှင့် ဗလီတစ်ခု၊ စစ်ကိုင်းတိုင်းအတွင်းရှိ ဘာသာရေးအဆောက်အအုံများနှင့် မကွေးတိုင်းဒေသကြီးရှိ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများနှင့် ခရစ်ယာန်ကျောင်းတစ်ကျောင်းအပါအဝင် မြန်မာနိုင်ငံရှိ ဘာသာရေး အဆောက်အအုံ အများအပြားကို ဖျက်ဆီးခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဌာနသည် ၁၉၉၈ ခုနှစ် နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်အက်ဥပဒေနှင့်အညီ အစီရင်ခံစာများကို ရေးသားတင်သွင်းသည်။

China, Myanmar criticized for attacks on religious freedom in annual U.S. report
Source:https://www.rfa.org/english/news/china/us-religious-freedom-051520232043...
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly