ဆိုင်ကလုန်းမုန်တိုင်း "မိုခါ"ကြောင့် အရှိုချင်း နောက်တန်းဌာနချုပ်မှစခန်းအချို့ပျက်စီး

By ကိုခင်မောင် (မဇ္ဈိမ)
16 May 2023
ဆိုင်ကလုန်းမုန်တိုင်း "မိုခါ"ကြောင့် အရှိုချင်း နောက်တန်းဌာနချုပ်မှစခန်းအချို့ပျက်စီး

"မိုခါ"ဆိုင်ကလုန်းမုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်၍ နောက်တန်းဌာနချုပ်ရုံးအပါအဝင် ရဲဘော်များနေထိုင်ရာအဆောင်များ ပျက်စီးဆုံးရှုံးခဲ့သည်ဟု ချင်းကာကွယ်ရေးတပ် - အရှို (CDF- Asho) မှ သတင်းထုတ်ပြန်သည်။ 

မေလ ၁၄ ရက် နေ့လယ် ၂ နာရီခန့်တွင် အားအလွန်ကောင်းသော မိုခါ (MOCHA) မုန်တိုင်း စတင်ဝင်ရောက်တိုက်ခိုက်မှုကြောင့် နောက်တန်းဌာနချုပ်ရုံး၊ ရဲဘော်များနေထိုင်ရာ အဆောင်များ၊ ရိက္ခာအဆောင်များ စုစုပေါင်းအဆောင် ခုနစ်လုံးမှ အမိုးအကာများပျက်စီးဆုံးရှုံးခဲ့ကြောင်း CDF- Asho မှ တာဝန်ရှိသူ Salai Rancho က မဇ္ဈိမသို့ပြောသည်။ 

“ ကျွန်တော်တို့စခန်းထဲက ရုံးအဆောင်၊ တပ်စိပ်အဆောင်၊ ရိက္ခာအဆောင်တွေကို မုန်တိုင်းအရှိန်ကြောင့် သစ်ကိုင်းကျိူးကျခြင်း၊ သစ်ပင်ပြိုလဲခြင်းတွေကြောင့် ပျက်စီးမှုရှိခဲ့ပါတယ်။ အကုန်လုံးမဟုတ်ပေမဲ့ မိုးစိုထားတဲ့ရိက္ခာတွေလည်းရှိပါတယ်ခင်ဗျာ” ဟု ၎င်းကဆိုသည်။ 

မုန်တိုင်းမလာခင် ကြိုတင်ပြင်ဆင်များလုပ်နိုင်ခဲ့၍ လက်နက်ခဲယမ်းများ၊ အရေးကြီး စာရွက်စာတမ်းများ ပြင်ဆင်သိမ်းဆည်းထားခဲ့ကြောင်းလည်း Salai Rancho ကပြောသည်။

ထို့အပြင် တာဝန်ထမ်းဆောင်လျက်ရှိသော ရဲဘော်၊ ရဲမေများကိုလည်း မုန်တိုင်းလွတ်ရာသို့ ရွေ့ပြောင်းပေးနိုင်သဖြင့် လူထိခိုက်မှု မရှိကြောင်း သိရသည်။

ယခုလက်ရှိအချိန်တွင် မုန်တိုင်းအခြေအနေ ငြိမ်သွားသွားသည်ဖြစ်ရာ သစ်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ပျက်စီးသွားသော အဆောက်အဦများအား ပြန်လည်တည်ဆောက်ရန် လုပ်ဆောင်နေသည်ဟု ဆိုသည်။ 

အခြားမုန်တိုင်းသင့်ပြည်သူများအတွက် ထပ်တူစိတ်မကောင်းဖြစ်ရပါကြောင်းနှင့် ပြည်သူအများလိုချင်သော ပန်းတိုင်ဆီသို့ အခက်အခဲကြားမှ ရောက်အောင်ချီတက်ကြမည်ဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ် - အရှို ( CDF- Asho)မှ သတင်းစကားပါးခဲ့သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required