စစ်ကောင်စီသည် မုန်တိုင်းနှင့်ပတ်သက်၍ ကြေညာချက်သာထုတ်ပြန်ခဲ့ဟု ရခိုင်ဝါရင့်နိုင်ငံရေးသမား ဝေဖန်

By 001 (မဇ္စျိမ)
15 May 2023
စစ်ကောင်စီသည် မုန်တိုင်းနှင့်ပတ်သက်၍ ကြေညာချက်သာထုတ်ပြန်ခဲ့ဟု ရခိုင်ဝါရင့်နိုင်ငံရေးသမား ဝေဖန်
ဓာတ်ပုံ - ရခိုင်ဝါရင့်နိုင်ငံရေးသမားဖြစ်သူ ဦးဖေသန်း (ပုံဟောင်း)

ရခိုင်ပြည်နယ်သို့ဝင်ရောက်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း“မိုခါ”နှင့်ပတ်သက်၍ စစ်ကောင်စီအနေ ဖြင့် ကြေညာချက်သာထုတ်ပြန်ခဲ့ပြီး ထိရောက်သည့်လုပ်ဆောင်မှုမျိုးမတွေ့ခဲ့ရကြောင်း ဝါရင့် ရခိုင်နိုင်ငံ ရေးသမားဖြစ်သူ ဦးဖေသန်းကဝေဖန်သည်။

ကြိုတင်ပြင်ဆင်မှုကောင်းခဲ့သည့်အတွက် ပြင်းထန်သည့်မုန်တိုင်းဒဏ်ကို အောင်မြင်စွာကျော်လွှားနိုင်ခဲ့ သည်ဟု စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောလာသည့်အပေါ် တုံ့ပြန်လိုက် ခြင်းဖြစ်သည်။

စစ်ခေါင်းဆောင်က မေလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၌ပြုလုပ်ခဲ့သည့် မုန်တိုင်း ဒဏ်သင့်ဒေသများအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင် ရန် အလှူငွေပေးအပ်ပွဲတွင် ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

၎င်းက မုန်တိုင်းနှင့်ပတ်သက်ပြီး သတိပေးချက်များ ချက်ချင်းထုတ်ပြန်စေခဲ့ပြီး ပြောင်းရွှေ့မှုများနှင့် ကြိုတင်ပြင်ဆင်မှုများကိုဆောင်ရွက်စေခဲ့သောကြောင့် မုန်တိုင်းဒဏ်ကျရောက်ချိန်တွင် လူအများထိခိုက် သေဆုံးမှုကိုရှောင်ရှားနိုင်ခဲ့သည်ဟု ပြောသည်။

ထို့ကြောင့် မေလ ၁၅ ရက်နေ့ နံနက်ပိုင်းအထိ သိရှိရသော သတင်းအရ မုန်တိုင်းကြောင့် လူ ၅ ဦးသာ သေဆုံးခဲ့သည်ဟု စစ်ကောင်စီ ခေါင်းဆောင်က ဆိုသည်။

အဆိုပါပြောဆိုချက်နှင့်ပတ်သက်၍ ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက “ULA / AA ဘက်ကတော့ မြို့ကို ကြိုတင်ကာကွယ်မှု လုပ်ခဲ့တယ်။ စစ်ကောင်စီတပ်တွေဘက်က အဲ့ဒီလောက်လုပ်တာမတွေ့ဘူး။ ကြေညာချက်တွေထုတ်ပြီး ပြည်သူတွေကို သတိပေးတာလောက် အဲ့ဒီလောက် အဆင့်တော့လုပ်ခဲ့တယ်” ဟုဆိုသည်။

ထို့ပြင် CSO အဖွဲ့များ၊ ပရဟိတအဖွဲ့များကလည်းကူညီခဲ့ကြပြီး ULA / AA အနေဖြင့် ပင်လယ်အစပ်အနီး၊ မြစ်ကမ်းစပ်အနီးဝန်းကျင်မှ ဒီရေမြုပ်နိုင်သည့်နေရာတွင်နေထိုင်သူ လူတစ်သိန်းကျော်ကို ရွှေ့ပြောင်းပေး ခဲ့သည့်သတင်းများကြားသိရကြောင်းဆိုသည်။

ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” မေလ ၁၄ ရက်နေ့တွင် စစ်တွေမြို့အနီးမှ ကုန်းတွင်းသို့ ဖြတ်ကျော်ဝင် ရောက်ခဲ့မှုကြောင့် စစ်တွေတစ်မြို့လုံးနီးပါး ပျက်စီးခဲ့ရကြောင်း ဒေသခံပရဟိတအဖွဲ့များက ပြောသည်။

လေပြင်းတိုက်ခိုက်မှု၊ ရေကြီးရေလျှံမှု၊ မြေပြိုမှုများကြောင့် အခြားတိုင်းနှင့်ပြည်နယ်အချို့တွင်လည်း လူသေဆုံးမှု၊ နေအိမ်ပျက်စီးမှုများ ၊ ကျွဲ၊ နွား တိရိစ္ဆာန် သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် အလွန်အမင်းလိုအပ်ချက်များနေသော ပြည်သူများအနေဖြင့် ယခုကဲ့သို့ ကြီးမားသည့်အပျက်အစီးများကြုံရသည့်အတွက် အလွန်စိတ်မကောင်းဖြစ်ရကြောင်း ရန်ကုန်ရှိ အင်္ဂလန် သံရုံးအကြီးအကဲ Ken O’Flaherty က ယနေ့ မေလ ၁၅ ရက်တွင် ကြေညာချက်ထုတ်ပြန်ပြောဆိုသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ၊ အမ်း၊ စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ တောင်ကုတ်၊ သံတွဲ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံစသည့်မြို့နယ်များကို သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများအဖြစ် စစ်ကောင်စီက ကြေညာထားသည်။

မုန်တိုင်းနှင့်ပတ်သက်ပြီး အလှူငွေ ကျပ်သိန်းပေါင်း ၁၃၁,၈၁၀ သိန်း လက်ခံရရှိခဲ့ပြီး မုန်တိုင်းဒဏ် ကြောင့် ထိခိုက်ခဲ့ရသည့် ဒေသများကို ခွဲဝေလှူဒါန်းပေးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုထားသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။စောဖေ

#ရခိုင်ပြည်နယ်

#မုန်တိုင်း

#ဆိုင်ကလုန်း

#စစ်ခေါင်းဆောင်

#ဦးဖေသန်း

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly