လပွတ္တာမြို့သို့ မုန်တိုင်းရှောင်ရန်ရောက်နေသည့် အနိမ့်ပိုင်းကျေးရွာများမှဒေသခံများ နေရပ်ပြန်

By မင်းထက် (မဇ္စျိမ)
15 May 2023
လပွတ္တာမြို့သို့ မုန်တိုင်းရှောင်ရန်ရောက်နေသည့် အနိမ့်ပိုင်းကျေးရွာများမှဒေသခံများ နေရပ်ပြန်

ဧရာဝတီတိုင်း၊ လပွတ္တာမြို့ပေါ်သို့ မုန်တိုင်းရှောင်ရန်ရောက်ရှိနေသည့် အနိမ့်ပိုင်းကျေးရွာများမှ ဒေသခံများ ယနေ့ မေလ ၁၅ ရက်နံနက်ပိုင်းမှစတင်ကာ နေရပ်သို့ ပြန်နေကြပြီဟု သိရသည်။

လပွတ္တာမြို့အောက်ဘက် ပြင်စလူမြို့နယ်ခွဲရှိကျေးရွာများမှဒေသခံများအပြင် လပွတ္တာမြို့နယ်အတွင်း ပင်လယ်နှင့် ထိစပ်နေသည့်ကျေးရွာများမှ မုန်တိုင်းရှောင်ရန်ရောက်ရှိနေသည့် ဒေသခံ ၁၀,၀၀၀ ကျော် ခန့်သည် ၎င်းတို့နေထိုင်ရာ ကျေးရွာများသို့ ပြန်နေကြခြင်း ဖြစ်သည်။

“မနက်တည်းက စပြန်နေကြတာ တဝက်လောက်တော့ပြန်သွားကြပြီ။ တချို့က မြို့နယ်ကစီစဥ်ပေးတာ တွေနဲ့ပြန်ကြတယ် တချို့လည်း ကိုယ်ပိုင်လှေနဲ့ပြန်ကြတယ်” ဟု မုန်တိုင်းရှောင်များအားကူညီဆောင် ရွက်ပေးနေသူတစ်ဦးကပြောသည်။

မုန်တိုင်းရှောင်သူများသည် မေလ ၇ ရက်နေ့မှစတင်ကာ လပွတ္တာမြို့ပေါ်သို့ရောက်ရှိပြီး ဘုန်းကြီးကျောင်း များတွင် ယာယီတည်းခိုနေခဲ့ကြခြင်းဖြစ်သည်။

လက်ရှိတွင် ရာသီဥတုအခြေအနေ ပုံမှန်အတိုင်းပြန်ဖြစ်သွားသောကြောင့် နေရပ်သို့ပြန်နေကြခြင်းဟု ကူညီဆောင်ရွက်ပေးနေသူကပြောသည်။

အလွန်အားပြင်းသည့်ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ၏အရှိန်ကြောင့် မေလ ၁၃ ရက်နေ့ ညနေပိုင်းမှ စတင် ကာ လပွတ္တာမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။

ထိုသို့ လေပြင်းများတိုက်ခတ်ခြင်း၊ မိုးရွာသွန်းခြင်းများကြောင့် မြစ်ရေတက်မှုအနည်းငယ်သာ ရှိခဲ့ကြောင်း မုန်တိုင်းရှောင်သူများအား ကူညီဆောင်ရွက်ပေးနေသူက ပြောသည်။

“မြို့ပေါ်မှာတော့ကြီးကြီးမားမား ပျက်စီးဆုံးရှုံးတာမျိုးတော့ အခုထိမတွေ့သေးပါဘူး။ သစ်ကိုင်းကျိုးတာ လောက်ပဲတွေ့ရတယ်။ ရွာဘက်တွေတော့ အိမ်ခေါင်မိုးလန်သွားတာမျိုးတွေရှိတယ်လို့ ကြားတယ်။ ဆင်း တော့မကြည့်ရသေးဘူး” ဟု ၎င်းကပြောသည်။

လက်ရှိတွင် မုန်တိုင်းအရှိန်ကြောင့် လေပြင်းများတိုက်ခတ်ခဲ့သည့် လပွတ္တာ၊ ငပုတောနှင့် ပုသိမ်မြို့နယ် တို့တွင် ရာသီဥတုအခြေအနေ ပုံမှန်ပြန်ဖြစ်နေပြီဟု အဆိုပါမြို့နယ်များရှိ ဒေသခံများက ပြောသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။စောဖေ

#မုန်တိုင်း

#မိုခါ

#လပွတ္တာ

#ငပုတော

#နေရပ်ပြန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly