သပိတ်ကျင်းတွင် စစ်ယာဉ်တန်း မိုင်းဆွဲခံရပြီး ၃ ဦးထက်မနည်း သေဆုံး

By ပါခွီး (မဇ္ဈိမ)
15 May 2023
သပိတ်ကျင်းတွင် စစ်ယာဉ်တန်း မိုင်းဆွဲခံရပြီး ၃ ဦးထက်မနည်း သေဆုံး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြိုနယ်အတွင်း ခြောက်ဘီးကားနှစ်စီးဖြင့် ထွက်ခွာလာသည့် စစ်ကောင်စီယာဉ်တန်းကို မိုင်းဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား သုံးဦးထက်မနည်းသေဆုံး သွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တကောင်း)က မေလ ၁၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။

သပိတ်ကျင်းမြို့နယ်၊ လက်ပန်ကုန်းကျေးရွာမှ ခြောက်ဘီးကားနှစ်စီးဖြင့် အင်အား ၅၀ ခန့် ပါဝင်သော စစ်ကောင်စီတပ်သားများသည် တကောင်းဘက်သို့တက်လာရာ ဆူးတောရွာဝင်ပေါက်၌ မေလ ၁၃ ရက် နံနက် ၁၁ နာရီခန့်က မိုင်းလေးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ယင်းသို့တိုက်ခိုက်မှုကြောင့် ကားတစ်စီးကို တည့်တည့်ထိမှန်ခဲ့ပြီး ကားမှာထိုးရပ်သွားခဲ့ကာ လိုက်ပါလာ သည့် စစ်ကောင်စီတပ်သားသုံးဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း သိရသည်။

အဆိုပါမိုင်းဆွဲတိုက်ခိုက်ပြီး စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့အကြား မိနစ်အနည်းငယ် ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ကြောင်း သိရသည်။

စစ်ကောင်စီတပ်မှ သေဆုံးသူအလောင်းများနှင့် ဒဏ်ရာရရှိသူများကို တကောင်းဆေးရုံသို့ ခေါ်ဆောင် သွားကြောင်းထုတ်ပြန်ချက်တွင်ဖော် ပြထားသည်။ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုနှင့် ပတ် သက်ပြီး မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက် ရယူနေဆဲ ဖြစ်သည်။

မေလ ၆ ရက် နံနက် ၈ နာရီကျော်ကလည်း ဆူးတောကျေးရွာကို မီးရှို့ပြီးထွက်လာသော တပ်မ (၈၈) လက်အောက်ခံ ခလရ(၇၈)မှ အင်အား ၁၅၀ ပါဝင်သော စစ်ကြောင်းနှစ်ကြောင်းကို တကောင်း (ပ.က.ဖ) မှ ဖောက်ခွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

မေလ ၆ ရက်နေ့ တစ်နေ့တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ များလည်း ရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး(တကောင်း) မှ ထုတ်ပြန်ထားသည်။

စာတည်း။ ။ နောင်နောင်

စာမူတည်းဖြတ်။ ။စောဖေ

#သပိတ်ကျင်း

#ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တကောင်း)

#Mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly