ချယ်လ်ဆီးတွင် ဆက်ရှိမည်၊ မရှိမည်ကို မသိရှိဟု ဂိုးသမား ကော့တွိုက်စ် ဆို

ချယ်လ်ဆီးတွင် ဆက်ရှိမည်၊ မရှိမည်ကို မသိရှိဟု ဂိုးသမား ကော့တွိုက်စ် ဆို

မတ် ၂၇၊ ပေါ်တူဂီ ။           ။ ဘယ်လ်ဂျီယံလက်ရွေးစင် ဂိုးသမား ကော့တွိုက်စ်က လာမည့်ရာသီတွင် ချယ်လ်ဆီးအသင်း၌ ဆက်ရှိမည်၊ မရှိမည်ကို မသိရှိသေးကြောင်း ပြောဆိုလိုက်သည်။

ကော့တွိုက်စ်သည် လက်ရှိတွင် ပေါ်တူဂီနှင့် နိုင်ငံတကာချစ်ကြည်ရေး ခြေစမ်းပွဲစဉ်ကစားရန် ဘယ်လ်ဂျီယံအသင်းနှင့် အတူ လေ့ကျင့်ခန်းပြုလုပ်လျက်ရှိသည်။

ချယ်လ်ဆီးအသင်းမှာ ယခုရာသီတွင် ရလဒ်များဆိုးရွားခဲ့ပြီး ဒီဇင်ဘာလက နည်းပြ မော်ရင်ဟို၏နေရာတွင် ဟစ်ဒင့်ဖြင့် အစားထိုးခဲ့ရသည်။ နည်းပြ ဟစ်ဒင့်သည်လည်း ချယ်လ်ဆီး၏ ရလဒ်ဆိုးရွားနေမှုကို အကောင်းဆုံးဖြစ်အောင် မပြင်ဆင်နိုင်သေးဘဲ ပရီးမီးယားလိဂ်တွင် အဆင့် ၁၀ ၌သာ ရပ်တည်နေရသည်။ မတ်လအတွင်း အက်ဖ်အေဖလားနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲများမှ ထွက်ခွာခဲ့ရပြီး ဥရောပပြိုင်ပွဲဝင်ခွင့်ရရန်မှာလည်း အခွင့်အရေးနည်းပါးလျက်ရှိသည်။

ထိုအခြေအနေတွင် ကစားသမားအများအပြား ထွက်ခွာဖွယ်ရှိသည်ဟု သတင်းများထွက်နေပြီး ကော့တွိုက်စ်ကိုလည်း ရီးယဲလ်က ခေါ်ယူလိုကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

သတင်းထောက်များက ချယ်လ်ဆီးအသင်း၏ အနာဂတ်နှင့် ပတ်သက်၍ မေးမြန်းခဲ့ရာတွင် ကော့တွိုက်စ်က 'ကျွန်တော်          yes လို့ မပြောသလို၊ no လို့လည်း မပြောပါဘူး။ ကျွန်တော်ရဲ့ အနာဂတ်ကို မသိသေးပါဘူး။

လက်ရှိစာချုပ်သက်တမ်းက သုံးနှစ်ကျန်ပါသေးတယ်။ ချယ်လ်ဆီးအသင်းက ဘာကို လိုချင်သလဲဆိုတာ ကျွန်တော်တို့ မြင်တွေ့ရပါလိမ့်မယ်။ ဒီရာသီက ကျွန်တော့်ကို ပြောင်းလဲစေခဲ့တာ အမှန်ပါပဲ။

အခုအချိန်အထိ ကျွန်တော်ဟာ ရာသီတိုင်း ချန်ပီယံဆုတွေ ရရှိခဲ့ပေမယ့် နောက်ရာသီမှာ ပိုကောင်းလာမယ်လို့ မျှော်လင့်ထားပါတယ်' ဟု ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly