မိုခါမုန်တိုင်း​ဘေး မြေပြင်အရေးပေါ် ကူညီကယ်ဆယ်​ရေးတွင် စစ်​ကောင်စီ၏လူကယ်ပြန်ဝန်ကြီးဌာနလုပ်အားမပါဟု ဝေဖန်ခံရ

By 001 (မဇ္စျိမ)
15 May 2023
မိုခါမုန်တိုင်း​ဘေး မြေပြင်အရေးပေါ် ကူညီကယ်ဆယ်​ရေးတွင် စစ်​ကောင်စီ၏လူကယ်ပြန်ဝန်ကြီးဌာနလုပ်အားမပါဟု ဝေဖန်ခံရ
ပုံ - ရေဘေးသင့်ဒေသတစ်ခု၌ ရှာဖွေကယ်ဆယ်ရေးလုပ်နေသော ကြက်ခြေနီတပ်ဖွဲ့နှင့်ပရဟိတအဖွဲ့ဝင်အချို့

မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးအတွက် ရှာ​ဖွေကယ်ဆယ်​​ရေးလုပ်ငန်းစဉ်များအတွင် အသင့်ပြင်ထား​ကြောင်း စစ်​ကောင်စီ လူကယ်ပြန်ဝန်ကြီး ဌာနက ထုတ်ပြန်ထား​သော်လည်း ​​မြေပြင်ကယ်ဆယ်​ရေးလုပ်‌ဆောင်ရာတွင် ယင်းဌာန၏ လုပ်အား မတွေ့ရကြောင်း ဘေးသင့်ဒေသမှ ဒေသခံများနှင့် လူမှုကူညီရေးအဖွဲ့များက‌ ပြောသည်။

ယမန်​နေ့ ​မေလ ၁၄ရက်​နေ့က အင်အားအလွန်ပြင်းထန်သည့်အဆင့်ဖြင့် စစ်တွေမြို့သို့ ဝင်ရောက်ခဲ့သော မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ် ခြောက်ခုထက်မနည်းတွင် လူ​သေဆုံးမှုနှင့် ထိခိုက်ပျက်စီးမှုများရှိခဲ့သည်။ မြေပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်များနှင့် စီမံခန့်ခွဲရေးအပိုင်းတွင် စစ်ကောင်စီ၏ ဘေးစီမံဝန်ထမ်းများမတွေ့ရဘဲ ‌ ပရဟိတအဖွဲ့များနှင့် မီးသတ်ဝန်ထမ်းများသာ အဓိက လုပ်​ဆောင်​နေသည်ကို တွေ့ရသည်ဟုဒေသခံများနှင့် လူမှုကူညီရေးအဖွဲ့များက‌ ပြောသည်။

" မိုးထဲလေထဲမှာ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာတွေ မတွေ့ရဘူး။လူကယ်ပြန်ရဲ့ ဘေးစီမံဆိုတာ ဘယ်ဌာနမှန်းတောင် မသိရဘူး။ အများဆုံးတွေ့ရတာကတော့ အရပ်ဘက်ကယ်ဆယ်ရေးအဖွဲ့တွေ၊ မီးသတ်တွေပါ"ဟု မကွေးတိုင်း၊ စလင်းမြို့မှ ရေဘေးသင့် ပြည်သူတစ်ဦးကပြောသည်။

စစ်ကောင်စီ၏ လူကယ်ပြန်ဌာနက မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးအတွက်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာနကို ဖွင့်လှစ်ကာ

ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ မြို့အပါအဝင်မြို့နယ်ခုနှစ်ခုကို ဘေးအန္တရာယ်ကျရောက်နိုင်ခြေမြင့်မားသည့် အနီရောင်အဆင့်ဒေသများအဖြစ် သတ်မှတ်ခဲ့ကြောင်း၊ ရှာဖွေကယ်ဆယ်ရေးအတွက် ရခိုင်ပြည်နယ်တွင် ၃,၂၁၄ဖွဲ့နှင့် ချင်းပြည်နယ်တွင် ၉၄၅ ဖွဲ့ ဖွဲ့စည်းထားခြင်းအပါအဝင် မုန်တိုင်းဘေးကြိုတင်ကာကွယ်ရေးအစီအမံများလို့ဆောင်ထားသည်ဟု မုန်တိုင်းမဝင်မီက ထုတ်ပြန်ခဲ့သည်။

သို့သော် ယင်းထုတ်ပြန်ချက်သည် ဟန်ပြသာဖြစ်သည်ဟု ရေဘေးသင့်ပြည်သူများကပြောသည်။

မိုခါဆိုင်ကလုန်းမုန်တိုင်း​ကြောင့် မ​ကွေးတိုင်း၊ စလင်းမြို့နှင့်ဆင်ဖြူကျွန်းမြို့တွင် ယမန်​နေ့ မေလ ၁၄ရက် နေ့လယ်မှစ၍ ​ရေကြီး​ရေလျှံမှု ဖြစ်ပွား​ခဲ့သည်။ ညပိုင်းတွင် ​ဒေသခံများကကယ်ဆယ်​ရေးအကူညီ​​တောင်းခံလာမှုကို မြို့နယ်ကြက်​ခြေနီအဖွဲ့နှင့် ပရဟိတအဖွဲ့အချို့သာ ​ဆောင်ရွက်ခဲ့ကြောင်း မ​ကွေးတိုင်းအ​ခြေစိုက်ပရဟိတအဖွဲ့တစ်ခုက​ ဆိုသည်။

ထို့ပြင် မုန်တိုင်းမတိုက်ခင် မုန်တိုင်းသတင်းနှင့် ပတ်သက်ပြီးလည်း လူမှုကွန်ယက်စာမျက်နှာသတင်းများ​ကို စောင့်ကြည့်ခြင်း၊ ရွာခံအချင်းချင်း သတိ​ပြန်​ပေးခြင်းများသာရှိပြီး အခြားမည်သည့် သတိ​ပေးမှုကိုမျှ မရရှိခဲ့​ကြောင်း ဆင်ဖြူကျွန်းမြို့မှ ​ဒေသခံအမျိုးသမီးတစ်ဦးက​ ပြောသည်။

"သတင်း​တွေ ဘာ​တွေဖတ်တယ်။ တ​ယောက်နဲ့ တ​ယောက်ဖုန်းနဲ့ ဘာနဲ့ လှမ်း​ပြောတယ်။ ကိုယ့်​မွေးချင်းသားချင်း​တွေက လှမ်း​ပြောတယ် ။ အဲ့ဒီလိုမျိုး​တွေ​ပေါ့။ အိမ်​တွေ၊ တိရစ္ဆာန်​တွေက ​တော်​တော်များများပါတယ်။ တစ်အိမ်မှကို မကျန်ဘူး။ အကုန်ကိုပါတာ။ ဘယ်လိုမှကို လုပ်လို့မရဘူး။ ကြိုး​တွေဖြတ် လွှတ်တဲ့သူက လွှတ်ရတယ်"ဟု ယယင်းအမျိုးသမီးကပြောသည်။

မိုခါမုန်တိုင်းအရှိန်​ကြောင့် စလင်း​ချောင်း အ​ရှေ့ဘက်ကမ်းနှင့် အ​နောက်ဘက်ကမ်းတ​လျှောက်ရှိ ရွာအများစု ​ရေကြီး​ရေလျှံမှုဖြစ်ခဲ့ပြီး လူ ငါးဦးခန့်​ပျောက်ဆုံး​နေသည်ဟု သိရသည်။ ထို​ပျောက်ဆုံးမှုတွင် ​ရွှေ​လှေရပ်ကွက်မှ သားအဖနှစ်ဦးလည်းပါဝင်ပြီး သားဖြစ်သူ က​လေးငယ်၏ အ​​လောင်းကိုသာ လတ်တ​လော ပြန်​တွေ့ထား​ကြောင်း ဆင်ဖြူကျွန်းမြို့ခံတစ်ဉီးက မေလ ၁၅ရက်​ နေ့လယ်ပိုင်းတွင် ပြောသည်။လက်ရှိတွင်လည်း စား​ရေး​သောက်​ရေးအတွက် ​​ကျေးရွာအချင်းချင်း၊ ​ဒေသခံအချင်းချင်းသာ ကူညီ​နေရပြီး စစ်​ကောင်စီဘက်က ​မည်သည့် ထောက်ပံ့မှုကိုမျှ မရရှိ​ကြောင်း ​ဆိုသည်။

မိုခါဆိုင်ကလုန်းမုန်တိုင်တိုက်ရိုက်ဝင်ခဲ့သည့် စစ်​တွေမြို့တွင်လည်းပျက်စီးဆုံးရှုံးမှုများပြားပြီး စစ်​တွေမြို့လမ်းမကြီး​ပေါ်ရှိ ဓါတ်တိုင်များ၊ သစ်ပင်များပြိုလဲကာ နေအိမ်နှင့်အ​ဆောက်အဦများလည်း ပျပျက်စီးခဲ့သည်။

စစ်​တွေမြို့တွင် မုန်တိုင်းဒဏ်​သင့်ပြီး​နောက် ရှာ​ဖွေရှင်းလင်းခြင်းများကို ​ပရဟိတအဖွဲ့များ၊ ​ဒေသခံများကသာ ဦး​ဆောင်လုပ်​ဆောင်​နေရပြီး စစ်​ကောင်စီဌာနဆိုင်ရာများက လက်​တွေ့ကျကျ အလုပ်လုပ်နိုင်သည့်အင်အားမရှိ​ကြောင်း ၎င်းက​ ဆိုသည်။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင်လည်း မုန်တိုင်းဘေးကြောင့် ထိခိုက်ပျက်စီးမှုများရှိခဲ့သည်။ မြို့နယ်အတွင်းရှိ လူမှုကူညီ​ရေးအဖွဲ့များ၊ ရခိုင်ပြည်နယ်မသန်စွမ်းသူများအစည်းအရုံးစသည့်အဖွဲ့များကသာ ဘေး​သင့်သူစာရင်းကောက်ခြင်း၊ ကူညီထောက်ပံ့ခြင်းတို့ လုပ်​ဆောင်​ပေး​နေကြောင်း သိရသည်။

"ကျွန်​တော်တို့အဖွဲ့အ​နေနဲ့ ရ​သေ့​တောင်ဘက်မှာ​လည်း လူဦး​ရေ ၅၀၀ အတွက် ​ရေသန့်ဘူးကြီး တစ်လီတာတစ်ဘူးနဲ့ တစ်​ယောက်ကို ​ခေါက်ဆွဲ​ခြောက်နှစ်ထုပ် ကူညီတာ​ရှိတယ်။ ​​လော​လောဆယ်က​တော့ ဘယ်အဖွဲ့အစည်းမှ ဌာနဆိုင်ရာ​တွေနဲ့ NGO​တွေက ကူညီခဲ့တာ ​လော​လောဆယ် ဘယ်သူမှ မလာ​သေးဘူး။ သတင်း​တွေလည်း အတိအကျမရ​သေးပါဘူး" ဟု ရခိုင်ပြည်နယ်မသန်စွမ်းသူများအစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးက ​ပြောသည်။

မုန်တိုင်းနှင့်ပတ်သက်ပြီး ​မြောက်ဦးအပါအဝင် တိုင်း​ဒေသကြီးနှင့် ပြည်နယ်အချို့မှ စစ်​ဘေး​ရှောင်ပြည်သူများကို စစ်​ကောင်စီ လူကယ်ပြန်ဝန်ကြဌာနလက်​အောက်ခံ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ဆန်၊ ဆီ​ထောက်ပံ့မှု လုပ်​ဆောင်ခဲ့​ကြောင်း ယ​​နေ့ မေလ ၁၅ရက်ထုတ် စစ်​ကောင်စီဝါဒဖြန့်​ကြေးမုံသတင်းစာတွင် ​ဖော်ပြထားသည်။

စစ်​ကောင်စီခန့် လူကယ်ပြန်ဝန်ကြီးဖြစ်ပြီး အမျိုးသားသဘာဝ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု​ကော်မတီတွင် ဒုဥက္ကဌအဖြစ်တာဝန်ယူထားသူ ဒေါ်သက်သက်ခိုင်အ​နေဖြင့် မုန်တိုင်းပြီး​နောက် မုန်တိုင်းဒဏ်သင့်​ဒေသများသို့ သွား​ရောက်ကြည့်ရှု့ စစ်​ဆေးခြင်းများလည်း မ​တွေ့ရ​သေးပေ။

မိုခါဆိုင်ကလုန်းမုန်တိုင်း ရခိုင်ကမ်းရိုးတန်းကို မဝင်မီ မေလ ၁၃ရက်နေ့လယ်က မုန်တိုင်းဘေးကြိုတင်ကာကွယ်ရေးအစီအမံများနှင့် ကြိုတင်ရွှေပြောင်းပေးထားသည့် လူဦးရေစာရင်းကိုမေးမြန်းရန် စစ်ကောင်စီ၏ လူကယ်ပြန်ဝန်ကြီးဌာနအောက်ရှိ ဘေးစီမံဌာနမှ ဒုတိယညွှန်ကြားရေးမှူး၏ဖုန်းနံပါတ်ကို

မဇ္ဈိမက ဆက်သွယ်ခဲ့သော်လည်း အဆင်မပြေခဲ့ပေ။ အမျိုးသမီးတစ်ဦးက ဖုန်းလာကိုင်ပြီး ပြန်ဆက်သွယ်မည်ဟုပြောခဲ့သည်။ ၆နာရီခန့်ကြာသည်အထိ ဖုန်းဆက်မလာ၍ မဇ္ဈိမကထပ်ခေါ်ဆိုခဲ့ရာ ပြည်ပဖုန်းများသို့ အချက်အလက်ကို ပို့ပေး၍ မရဟု အကြောင်းပြန်သည်။

စာတည်း - မောင်ကြီး

#mizzima

#မိုခါဆိုင်ကလုန်းမုန်တိုင်း

#စစ်​ကောင်စီလူကယ်ပြန်ဝန်ကြီးဌာန

#လုပ်အားမတွေ့

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly