ဆည်များ၏ကြံ့ခိုင်မှုကို စောင့်ကြည့်နေကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြော

By MTO (မဇ္ဈိမ)
15 May 2023
ဆည်များ၏ကြံ့ခိုင်မှုကို စောင့်ကြည့်နေကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြော

ဆိုင်ကလုန်းမုန်တိုင်းမိုးခါကြောင့် မိုးအဆက်မပြတ်ရွာသွန်းနေသည့်အတွက် ပုလဲမြို့နယ်အတွင်း ရှိ ဆည်များ၏ကြံ့ခိုင်မှုအခြေအနေကို ဒေသကာကွယ်ရေးအဖွဲ့ များနှင့် ပူးပေါင်းစောင့်ကြည့်နေရကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်က ပြောသည်။

“ ပုလဲနယ်ရဲ့ တောင်ခြမ်းကိုရေပေးတဲ့ စံပြဆည်ဆိုတာလည်း ရှိတယ်။ မနေ့ညက ဆည်ဘောင်လျှံခါနီး အထိ မိုးရေတွေတိုးလာတော့ ဆည်ဘောင်ကျိုးနိုင်တဲ့ အနေအထားတစ်ခုဖြစ်လာလို့ တပ်ရင်းတပ်ဖွဲ့တွေ အကူအညီတောင်းပြီးတော့ မနေ့ညက တစ်ညလုံးစောင့်နေရတယ်။ လွှတ်သင့်တဲ့ရေတွေကို ရေပိုလွှဲ အတိုင်း ထုတ်ရတာတွေ ရှိတယ်” ဟုပြောသည်။

လက်ရှိအချိန်အထိ ဆည်၏ကြံ့ခိုင်မှုအတွက် လွှတ်ထုတ်ရန်လိုအပ်သည့်ရေများကို ရေပိုလွှဲများမှ တဆင့် ထုတ်လွှတ်ခြင်း၊ ဆည်တံခါးများဖွင့်ပြီးထုတ်လွှတ်ခြင်း စသည့်နည်းလမ်းများဖြင့် ဆည်ဘောင်များ ကျိုး ကျမသွာအောင် ထိန်းနေရကြောင် ဦးဇော်ထက် က ဆိုသည်။

“ လက်ရှိအနေအထားအတိုင်းပဲ မိုးမရွာဘူးဆိုရင်တော့ ဆည်ဘောင်တွေ ကျိုးကျမသွားအောင် ထိန်းသိမ်း ထားနိုင်တယ်။ ဒါပေမယ့် ဆက်ပြီးများ မိုးတွေထပ်ကျလာရင်တော့ အဲဒီအခြေအနေကိုစောင့်ကြည့် နေရ တာပေါ့” ဟု ၎င်းကပြောသည်။

မေလ ၁၄ ရက်နေ့က ပုလဲနယ်ရှိ ဆည်တစ်ခုဖြစ်သည့် မြောက်ယမားဆည်၏ ဆည်လက်တံများကျိုး၍ အနီးနားရှိ ကျေးရွာများသို့ ရေများစီးဝင်လာ၍ ဒေသခံအချို့ အမြင့်ပိုင်းနေရာများသို့ ပြောင်းရွှေ့ခဲ့ရသည်။

“မြောက်ယမားဆည်ရဲ့ မူလမြောင်းနှင့် လက်ယာမြောင်း လက်တံတွေကျိုးပြီးတော့ ရွာတွေထဲ ရေတွေ ဝင်တယ်။ အဲဒီတော့ မူလမြောင်းနဲ့ လက်ယာမြောင်း ဘေးပတ်ဝန်းကျင်ကျေးရွာတွေ တော်တော်များများ တော့ အထိုက်လျောက်ပျက်စီးဆုံးရှုံးတာတွေရှိတာပေါ့” ဟု ဦးဇော်ထက်က ပြောသည်။

မေလ ၁၅ ရက်နေ့တွင် ဆည်ရေစီးဆင်းမှုအားနည်းသွားပြီး ပြည်သူအမျာစုမှာ ၎င်းတို့နေအိမ်များသို့ ပြန်လည်ဝင်ရောက်ပြီး သန့်ရှင်းရေးပြုလုပ်နေပြီဖြစ်ကြောင်း ဆိုသည်။

ကျိုးကျပျက်စီးသွားသည့် မြောက်ယမားဆည်၏ ဆည်လက်တံ ဆည်ဘောင်များ ပြန်လည်ပြုပြင်နိုင်ရေး အတွက် အချိန်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။စောဖေ

#မြောက်ယမားဆည်

#ဆည်

#မုန်တိုင်း

#ဆည်ကြံ့ခိုင်မှု

#ပုလဲမြို့နယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly