“ငါတို့က တိရစ္ဆာန်တွေမဟုတ် ငါတို့က လူသားတွေပါ” မှတ်တမ်းရုပ်ရှင် ဂျပန်နိုင်ငံတွင်ပြသ

By ကီရာ (မဇ္ဈိမ)
15 May 2023
“ငါတို့က တိရစ္ဆာန်တွေမဟုတ် ငါတို့က လူသားတွေပါ” မှတ်တမ်းရုပ်ရှင် ဂျပန်နိုင်ငံတွင်ပြသ

“ငါတို့က တိရစ္ဆာန်တွေမဟုတ် ငါတို့က လူသားတွေပါ” မှတ်တမ်းရုပ်ရှင်ကို ဂျပန်နိုင်ငံ ကိုဘေး မြို့ရှိ ဟိယိုဂိုခရိုင်ရှေ့နေရုံးတွင် မေလ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိပြသခဲ့ပြီး လာ ရောက်ကြည့်ရှုသူများနှင့် ‌ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

“ငါတို့က တိရစ္ဆာန်တွေမဟုတ် ငါတို့က လူသားတွေပါ” မှတ်တမ်းရုပ်ရှင်ကို အသက်(၇၅)နှစ်အရွယ် ဒါရိုက်တာ Mr Sanyu Go က ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး အဆိုပါမှတ်တမ်းရုပ်ရှင်သည် ၎င်း၏ ဒုတိယမြောက် မှတ်တမ်းရုပ်ရှင်လည်း ဖြစ်သည်။

အဆိုပါရုပ်ရှင်တွင် ဂျပန်နိုင်ငံ နာဂိုယာလူဝင်မှုကြီးကြပ်ရေးရုံးတွင် အဖမ်းဆီးခံရစဉ် သေဆုံးသွားခဲ့သည့် အသက်(၃၃)နှစ်အရွယ် သီရိလင်္ကာမှ အမျိုးသမီးတစ်ဦးဖြစ်သူ Mr.s Sandamari သေဆုံးမှု ဖြစ်စဉ်အပေါ် မေးခွန်းထုတ်မှုများ၊ ဂျပန်အာဏာပိုင်များမှ နိုင်ငံခြားသားအပေါ်ခွဲခြားဆက်ဆံမှုများ၊ ဂျပန်နိုင်ငံ၏ နိုင်ငံ ရေးဒုက္ခသည်ခိုလှုံသည့်အနေအထားကို အလွန်အမင်းကန့်သတ်မှုများအပြင် နည်းပညာအလုပ်သင်များ ၏ လခနည်းမှုနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ၊ လုပ်ငန်းခွင်အတွင်း အနိုင်ကျင့်ခံရမှုများကိုပါ ဖော်ပြထားသည်။

ထိုမှတ်တမ်းရုပ်ရှင်တွင် ဂျပန်ဌာနဆိုင်ရာများမှ လူတစ်ဦးအားဖမ်းဆီးသည့်အခါ မျက်နှာကိုအဝတ်ဖြင့် အုပ်ခြင်း၊ လက်နှစ်ဖက်ကိုနောက်ပစ်၍ လက်ကောက်ဝတ်ကိုကြိုးဖြင့်တုတ်ခြင်း၊ အဆိုပါလူအား လူ အများမှဝိုင်းဝန်းချုပ်နှောင်ရာတွင် လည်ပင်းကိုလက်ဖြင့် ဖိညှစ်ခြင်း၊ ခေါင်းကို ဒူးဖြင့် အပေါ်မှ‌ဖိခြင်း အစ ရှိသည့် ကိုယ်ထိလက်ရောက်ထိခိုက်မှုများကိုပါ လုပ်ဆောင်နေသည့်မှတ်တမ်းရုပ်သံများအပြင် နည်း ပညာအလုပ်သမားတစ်ဦးဟုယူဆရသူ၏ လုပ်ငန်းခွင်အခြေအနေတစ်ခုကိုလည်း ဂျပန်လူမျိုးတစ်ဦးမှ ထမင်းစားပွဲတွင် ထိုင်နေသော အဆိုပါလုပ်သားအား ခြေထောက်ဖြင့်ကန်ကြောက်၍ အော်ဟစ်ဆဲဆို နေခြင်း ရင်ဘတ်ကို လက်ဖြင့် လှမ်းရိုက်ခြင်းတို့ကို ပြသထားသည်။

ထို့ပြင် ဂျပန်နိုင်ငံ နာဂိုယာလူဝင်မှုကြီးကြပ်ရေးရုံးတွင် သေဆုံးခဲ့သည့် Mr.s Sandamari ၏ လူဝင်မှုကြီး ကြပ်ရေးထောင်အတွင်းရှိနေစဉ် အဖြစ်အပျက်များကိုပုံဖော်ထားသည့် ကာတွန်းပုံများနှင့် မိသားစုပြော ဆိုချက်များ၊ Mr.s Sandamari ၏ လုပ်ငန်းခွင်အတွင်း အရင်းနှီးဆုံး မိတ်ဆွေများ၏ ပြောဆိုချက်များနှင့် ‌၎င်းထောင်အတွင်းရှိနေစဉ် ဆေးကုသမှု မရရှိခြင်းများနှင့် ၎င်း၏ဆံပင်ကို အတင်းအကြပ် ညှပ်ခြင်းများ အပြင် အစားအသောက်ချို့တဲ့မှုများကိုပါ မှတ်တမ်းရုပ်ရှင်တွင် ဖော်ပြထားသည်။

Mr.s Sandamari ၏သေဆုံးမှု ဖြစ်စဉ်အပေါ် ဂျပန်နိုင်ငံ နာဂိုယာ လူဝင်မှုကြီးကြပ်ရေးရုံးမှ ယနေ့ထိ အတိအကျ ထုတ်ဖော်ပြောမှုမရှိသေးပေ။

“ငါတို့က တိရစ္ဆာန်တွေမဟုတ် ငါတို့က လူသားတွေပါ” မှတ်တမ်းရုပ်ရှင်တွင် မြန်မာနိုင်ငံ၏ အာဏာ သိမ်းမှုဖြစ်စဉ်နှင့် မြန်မာပြည်သူများ၏ အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်မှုများအကြောင်းကိုပါ ထည့်သွင်းဖော်ပြသွားသည်ကိုလည်း တွေ့ရသည်။

ယင်းမှတ်တမ်းရုပ်ရှင်ပြပွဲကို မြန်မာဘောလုံးသမားပြည့်လျှံအောင် အထူးဧည့်သည်အဖြစ် လာရောက် ကြည့်ရှုခဲ့ပြီး ၎င်းက “ကျွန်တော် ဒီရုပ်ရှင်ကိုကြည့်ပြီးတော့ ဂျပန်မှာနေထိုင်ခွင့် အသိအမှတ်ပြုခံရတာက တော်တော် ကံကောင်းတယ်လို့ ပြောရမှာပါပဲ ။ ဒီမှာလည်း ဒီလိုအဖြစ်အပျက်တွေရှိတာကို အခုရုပ်ရှင် ကြည့်မှပဲ သိလိုက်ရပါတယ်” ဟု ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံတွင် နန်းမင်းဟုခေါ်သည့် နိုင်ငံရေးခိုလှုံခွင့် ဒုက္ခသည်အသိအမှတ်ပြုလျှောက်ထားသူ မြန်မာ လူမျိုး ၂၀၂၁ ခုနှစ်တွင် ၆၀၀ ကျော်ရှိပြီး ၂၀ ကျော်ခန့်သာ အဆိုပါအသိအမှတ်ပြု လျှောက်ထားခွင့်ကို ရရှိခဲ့ကြောင်း သိရသည်။

ဂျပန်အစိုးရသည် ၁၀၀ ရာခိုင်နှုန်းတွင် တစ်ရာခိုင်နှုန်းခန့်သာ အသိအမှတ်ပြုလျှောက်လွှာကို လက်ခံခဲ့ ခြင်းဖြစ်ပြီး ၉၉ ရာခိုင်နှုန်းခန့် ပယ်ချနေခြင်းဖြစ်သည်။

လတ်တလောတွင်လည်း အဆိုပါ နိုင်ငံရေးဒုက္ခသည် အသိအမှတ်ပြုလျှောက်လွှာ သုံးကြိမ်အထိ လျှောက် ပြီး သူများကို ၎င်းနိုင်ငံသို့ပြန်ပို့ခွင့် ဥပဒေအတည်ပြုကြောင်း TM Group Tukutei မှ ရေးသားထားပြီး လက်ရှိမြန်မာနိုင်ငံရေးအခြေအနေကြောင့် ရရှိထားသည့် ဒုက္ခသည်ဗီဇာများသည်လည်း နိုင်ငံသို့ပြန်ပို့နိုင် ခြေရှိလာနိုင်သည်ဟု ထင်ကြောင်း ၎င်းလူမှုကွန်ရက်တွင် ရေးသားထားသည်။

အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ ဂျပန်ရှေ့နေတစ်ဦးဖြစ်သူ Mr.s Ishida က မြန်မာလူမျိုးများကြား တွင် ယခုကဲ့သို့ ကောလာဟလဖြစ်ပေါ်နေမှုမှာ မည်သည့်အတွက်ကြောင့်မှန်း ၎င်းအနေဖြင့် မသိရှိ‌နိုင် သော်လည်း နိုင်ငံရေးဒုက္ခသည် အသိအမှတ်ပြုလျှောက်လွှာ သုံးကြိမ်အထိလျှောက်ပြီးသူများကို ၎င်းတို့ နိုင်ငံသို့ပြန်ပို့ခွင့် ဥပဒေအတည်ပြုခြင်းမှာ မဟုတ်မှန်ကြောင်းနှင့် အတည်မပြု‌နိုင်ရေးအတွက် အထက် လွှတ်တော်တွင် ဆက်လက်‌လုပ်ဆောင်နေဆဲဖြစ်ကြောင်းကို မဇ္ဈိမမီဒီယာသို့ မှတ်ချက်ပြု ပြောကြားခဲ့ သည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

#မှတ်တမ်းရုပ်ရှင်

#ဂျပန်နိုင်ငံ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly