ပုဏ္ဏားကျွန်းမြို့ပေါ်တွင် ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် အများအပြားပျက်စီး

By ရောင်နီ (မဇ္စျိမ)
15 May 2023
ပုဏ္ဏားကျွန်းမြို့ပေါ်တွင် ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် အများအပြားပျက်စီး

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်ခြင်းကြောင့် အများအပြား ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မိုခါမုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသည်းထန်စွာရွာသွန်းခြင်းများဖြစ်ပွားခဲ့ပြီး ပုဏ္ဏား ကျွန်းမြို့ပေါ်ရှိ နေအိမ်များ၊ ရုံးအဆောက်အဦးများ၊ စာသင်ကျောင်းများပျက်စီးခဲ့ပြီး ဦးရာဇ်တောင်ဘုရား မှ ဓာတ်လှေကားလည်း ထိခိုက်ပျက်စီးမှုခဲ့ကြောင်း သိရသည်။

“အခုအချိန်အထိတော့ အပျက်အစီးက မြို့ပေါ်လောက်ပဲ သိရသေးတယ်။ နယ်ဘက်အခြေအနေတွေ ကတော့ လက်ရှိအချိန်အထိ ဖုန်းလိုင်းမရသေးလို့  မသိရသေးဘူး။ မုန်တိုင်းကြောင့် လူထိခိုက် သေဆုံး တာမျိုးတော့ ပုဏ္ဏားကျွန်းဘက်မှာ မကြားမိသေးဘူး” ဟု ဒေသခံတစ်ဦးက မဇ္စျိမကို ပြောသည်။
 
ပုဏ္ဏားကျွန်းမြို့နယ်ရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအား ကူညီကယ်ဆယ်ပေးနေသည့် အခြေအနေနှင့် ပတ်သက်၍ သိရှိနိုင်ရန် ဒေသအခြေစိုက် လူမှုကူညီကယ်ဆယ်ရေးအသင်းများထံ မဇ္စျိမက ဖုန်းဖြင့် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရသေးပေ။

အလွန့်အလွန်အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါသည်  ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ကို ဖြတ် ကျော်ပြီးနောက် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဖြစ်မှ လျော့ကျသွားပြီဖြစ်ကြောင်း မိုးဇလက ယနေ့ မေလ ၁၅ ရက် နံနက် ၅ နာရီခွဲအချိန်တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီကလည်း  ရခိုင်ပြည်နယ်မှ မုန်တိုင်းဒဏ်ခံခဲ့ရသည့် မြို့နယ် ၁၇ မြို့နယ်ကို သဘာ၀ဘေး အန္တရာယ် ကျရောက်သော ဒေသများအဖြစ် ယနေ့ မေလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသည်။

စာတည်း ။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required