ထိုင်းနိုင်ငံတွင် ကျင်းပသည့် အထွေထွေရွေးကောက်ပွဲ၏ မဲရလဒ်များအရ ထိုင်းမဲဆန္ဒရှင်များသည် နိုင်ငံ၏ ဆယ်စုနှစ်တစ်စုနီးပါးကြာ စစ်တပ် ကျောထောက်နောက်ခံပြု အစိုးရတစ်ရပ်ကို ရှင်းရှင်းလင်းလင်း ပယ်ချလိုက်သည်ကို ပြသခဲ့သည်။မဲဆန္ဒရှင်များက ဒီမိုကရေစီ လိုလားသော အဓိက အတိုက်အခံပါတီနှစ်ရပ်ကို ထောက်ခံခဲ့ကြပြီး လက်ရှိအချိန်တွင် အဆိုပါ အဓိက အတိုက်အခံပါတီနှစ်ခုသည် ညွန့်ပေါင်းအစိုးရဖွဲ့ရန် ဆွေးနွေးမှုများ ပြုလုပ်သွားဖွယ် ရှိနေသည်။
နိုင်ငံ၏ တင်းကျပ်သော တော်ဝင်ဘုရင် စော်ကားမှု ဥပဒေများကို ပြုပြင်ပြောင်းလဲရန် ဆန္ဒရှိသည့် တိုးတက်သော ရှေ့သို့ချီ ပါတီ (MFP) က အကြီးဆုံးပါတီ ဖြစ်မည့် လမ်းကြောင်းပေါ်တွင် ရှိနေသည်ဟု ထင်ရပြီး နိုင်ငံ၏ ဩဇာကြီးသော ဘုရင်စနစ်ထောက်ခံသူ-စစ်တပ် အစုအဖွဲ့တို့နှင့် ထိပ်တိုက်ဖြစ်မည့် အလားအလာတစ်ခုကို ရှိစေသည်။
အပြောင်းအလဲကို လိုလားတောင်းတသည့် လူငယ်မျိုးဆက်တစ်ဆက်နှင့် နိုင်ငံတွင် ၂၀၁၄ ခုနှစ်က အာဏာသိမ်းခဲ့သည့် စစ်တပ်၏ အကြီးအကဲဟောင်း ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ ပါဝင်သော ရှေးရိုးစွဲဝါဒီ အစုအဖွဲ့တို့အကြား ယှဉ်ပြိုင်သည့် ရွေးကောက်ပွဲ မဲဆွယ်မှုများအပြီး ယခုရွေးကောက်ပွဲတွင် မဲပေးသည့် မဲဆန္ဒရှင် များပြားခဲ့သည်။
သို့သော် မကြာခဏဆိုသလို အာဏာသိမ်းမှုများ၊ တရားရုံးညွှန်ကြားချက်များဖြင့် ရွေးကောက်ပွဲ အနိုင်ရမှုများအပေါ် တစ်ပန်းသာအောင် လုပ်ဆောင်မှုများ ရှိထားခဲ့သည့် ဘုရင့်နိုင်ငံတစ်ခုတွင် လက်ရှိ ရလဒ်က ကဖျက်ယဖျက်လုပ်ခံရနိုင်သေးသည် ဆိုသည့် စိုးရိမ်ပူပန်မှုများ ရှိနေပြီး ယင်းက မတည်မငြိမ်ဖြစ်မှုတို့ အသစ်ပေါ်ပေါက်လာနိုင်ခြေ ရှိသည့် အလားအလာကိုလည်း ဖြစ်စေသည်။
မဲရုံများတွင် ဆန္ဒမဲ ၉၇ ရာခိုင်နှုန်းကို ရေတွက်ပြီးချိန် ရွေးကောက်ပွဲ ကော်မရှင်၏ ဒေတာအချက်အလက်များအရ MFP က ဆန္ဒမဲ ၁၃ ဒသမ ၅ သန်း၊ ဖျူထိုင်းပါတီက ၁၀ ဒသမ ၃ သန်း ရထားပြီး ပရာယွတ်၏ ညီညွတ်သော ထိုင်းအမျိုးသားပါတီက ၄ ဒသမ ၅ သန်းဖြင့် တတိယနေရာတွင် ရှိနေသည်။
ရလဒ်များက MFP အတွက် သိသာပေါ်လွင်သည့် အောင်မြင်မှုတစ်ခု ဖြစ်ပြီး ယင်းပါတီသည် ၂၀၂၀ ပြည့်နှစ်က ဘန်ကောက်မြို့ကို လှုပ်ရမ်းခဲ့သည့် လူငယ်ထု ဦးဆောင်သည့် ဒီမိုကရေစီလိုလားသော လမ်းပေါ်ဆန္ဒပြပွဲများကို စွမ်းအင်လမ်းကြောင်းဖြစ်စေခဲ့သည့် ပါတီတစ်ခုဖြစ်သည်။
ရွေးကောက်ပွဲရလဒ်အရ စစ်တပ် ထောက်ခံသည့် ပါတီများ လူနည်းစု အစိုးရတစ်ရပ် ဖွဲစည်းနိုင်မည့် အခွင့်အလမ်းမှန်သမျှအတွက် ပိတ်ဆို့ထားနိုင်ခဲ့ကြောင်း MFP ခေါင်းဆောင် အသက် ၄၂ နှစ်ရှိ ပီတာ လင်ဂျရွန်ရတ်က ကြေညာသည်။
MFP အနေဖြင့် ဖျူထိုင်းပါတီနှင့် ဆွေးနွေးရန် ကြိုးပမ်းမည် ဖြစ်ပြီး ညွန့်ပေါင်း သဘောတူညီချက်တစ်ခုက သေချာပေါက် အလားအလာ ရှိကြောင်း ပီတာက သတင်းထောက်များကို ပြောသည်။
ဖျူထိုင်းပါတီခေါင်းဆောင် ပေတုံတန်း ရှင်နာဝါထရာကလည်း MFP ၏ အောင်ပွဲအတွက် ဂုဏ်ပြုစကား ဆိုပြီး “မိမိတို့ အတူတကွ အလုပ်လုပ်နိုင်သည်” ဟု ပြောသည်။
“ကျွန်မတို့ ရှေ့သို့ချီ ပါတီနဲ့ ဆွေးနွေးဖို့ အသင့်ရှိတယ်။ ဒါပေမယ့် ကျွန်မတို့ တရားဝင် ရလဒ်ကို စောင့်နေပါတယ်” ဟု သူမက ပြောသည်။
ရွေးကောက်ပွဲ ကော်မရှင်သည် ပါတီတစ်ပါတီချင်းစီ အနိုင်ရသည့် မဲဆန္ဒနယ်များ၏ အပြီးသတ်အရေအတွက်ကို သီတင်းပတ်များကြာ တရားဝင် အတည်ပြုဖွယ် မရှိပေ။
သို့သော် မေ ၁၅ ရက် အစောပိုင်းတွင် မဲဆန္ဒနယ်အမတ်နေရာ ၄၀၀ အနက် MFP က ၁၁၃ နေရာ အနိုင်ရမည်ဟု ခန့်မှန်းပြီး ဖျူထိုင်းပါတီက ၁၁၂ နေရာ အနိုင်ရမည်ဟု ခန့်မှန်းသည်။ နောက်ထပ် အမတ်နေရာ ၁၀၀ ကို အချိုးကျစနစ်ဖြင့် ပါတီများကို ခွဲဝေမည်ဖြစ်သည်။
ယခုရလဒ်က ပေတုံတန်း၏ ဖခင် ဘီလျံနာ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာ ထူထောင်သည့် နိုင်ငံရေးလှုပ်ရှားမှု၏ ဖျူထိုင်းပါတီအတွက် ကြီးလေးသော ထိုးနှက်ချက်တစ်ခုဖြစ်သည်။
ဤမတိုင်မီက သက်ဆင်နှင့် ဆက်နွယ်သည့် ပါတီများသည် ၂၀၀၁ နောက်ပိုင်း ရွေးကောက်ပွဲတိုင်းတွင် ထိုင်ခုံအများစု အနိုင်ရထားခဲ့ပြီး ယခုရွေးကောက်ပွဲတွင်လည်း ပေတုံတန်းက နိုင်ငံတွင် စစ်တပ် စွက်ဖက်မှု၏ ခြိမ်းခြောက်မှုကို မောင်းထုတ်ရန် မိမိတို့ပါတီ အပြတ်အသတ်အနိုင်ရစေရေး မဲပေးရန် မဲဆန္ဒရှင်များကို တိုက်တွန်းခဲ့သည်။
ယခုကဲ့သို့ အောင်မြင်မှု ရသော်လည်း MFP နှင့်ဖျူထိုင်းပါတီတို့အနေဖြင့် ထိုင်းအာဏာသိမ်းစစ်အုပ်စု ရေးဆွဲသော ၂၀၁၇ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် အာဏာရယူနိုင်ရန် ရင်ဆိုင်တိုက်ပွဲတစ်ခုနှင့် ကြုံတွေ့ရကောင်းရနိုင်ဆဲဖြစ်သည်။
ဝန်ကြီးချုပ်သစ်ကို ရွေးကောက်ခံလွှတ်တော်အမတ် ၅၀၀ နှင့် ပရာယွတ်၏ စစ်အုပ်စုခန့်အပ်သော အထက်လွှတ်တော်အမတ် ၂၅၀ တို့က ပူးတွဲ ရွေးချယ်သွားမည် ဖြစ်သည်။
မသေချာမရေရာမှုတို့ကို ပိုတိုးစေသည်က MFP သည် တရားရုံးအမိန့်ဖြင့် ဖျက်သိမ်းခံရကောင်းခံရနိုင်သည် ဆိုသည့် ကောလာဟလများက ထွက်ပေါ်ထားခဲ့ခြင်း ဖြစ်သည်။ ယင်းသည် ၂၀၁၉ ရွေးကောက်ပွဲတုန်းက မမျှော်လင့်ဘဲ ရလဒ်ကောင်းခဲ့ပြီးနောက် ယင်း၏ ယခင် Future Forward
ပါတီအပေါ် ကျရောက်ခဲ့သည့် တူညီသော ကံကြမ္မာတစ်ခု ဖြစ်သည်။