စစ်တွေမြို့နယ်တွင် ဆက်သွယ်ရေး ဖုန်းလိုင်းများ ပြတ်တောက်နေ

စစ်တွေမြို့နယ်တွင် ဆက်သွယ်ရေး ဖုန်းလိုင်းများ ပြတ်တောက်နေ

အလွန့်အလွန်အားကောင်းတဲ့ “မိုခါ” ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်နေသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဆက်သွယ်ရေး ဖုန်းလိုင်းများ အားလုံး ပြတ်တောက်နေပြီး ဆက်သွယ်မှု ဧရိယာ ပြင်ပဖြစ်နေသည်။

ယနေ့ မေလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်အချိန်က စတင်ကာ ဆက်သွယ်ရေး ဖုန်းလိုင်းများ အားလုံး ပြတ်တောက်သွားခြင်း ဖြစ်ပြီး ညနေ ၅ နာရီအထိ ဖုန်းလိုင်းများ ပြတ်တောက်နေဆဲ ဖြစ်သည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အနီးရှိ ပင်မဆက်သွယ်ရေး တာဝါတိုင်ကြီး “မိုခါ” ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်မှုကြောင့် တာဝါတိုင် တစ်ခုလုံး ကျိုးကျသွားပြီးနောက် ဆက်သွယ်ရေး လိုင်းများ ပြတ်တောက်သွားခြင်း ဖြစ်ကြောင်း သိရသည်။

“ဖုန်း ၁၃ လုံးကို အခါ ၂၀ လောက် ဆက်တာမရဘူး” ဟု မိုခါမုန်တိုင်း စစ်တွေကို ဝင်ရောက်တိုက်ခတ်နေမှုအပေါ် စောင့်ကြည့် သတင်းရေးသားသည့် သတင်းထောက်တစ်ဦးက ပြောသည်။

ပင်လယ်ကမ်းစပ်နှင့် နီးသည့် စစ်တွေမြို့ ရပ်ကွက်အချို့တွင် ချောင်းရေများ ဝင်ရောက်နေပြီး နေအိမ်အတွင်း ပိတ်မိနေ၍ အွန်လိုင်းပေါ်က အကူအညီတောင်းသူများလည်း ရှိနေသည်။ အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့ များက ဖြန့်ဝေထားသော ဆက်သွယ်ရန် ဖုန်းနံပါတ်များသည်လည်း လက်ရှိအချိန်မှာ ဖုန်းခေါ် ၍ မရတော့ဘဲ ဖြစ်နေသည်။

ထိုသို့ ဆက်သွယ်ရေး ဖုန်လိုင်းများ ပြတ်တောက်နေ၍ ထိခိုက်ပျက်စီးမှုအခြေအနေ အသေးစိတ်ကို မသိရသေးဘဲ မဇ္ဈိမက ဆက်လက်စောင့်ကြည့် စုံစမ်းနေဆဲဖြစ်သည်။

အင်အားကြီးမားသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် ယနေ့မေလ ၁၄ ရက် နံနက် ၁၁ နာရီခွဲ အချိန်တွင် လေတိုက်နှုန်းလတစ်နာရီလျှင် မိုင် ၁၃၀ နှုန်းဖြင့် ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နေကြောင်း NUG ၏ မိုးဇလ ဌာနက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- စစ်တွေမြို့က ကျိုးကျသွားသော ဆက်သွယ်ရေး တာဝါတိုင်နှင့် သစ်ပင် မြင်ကွင်း (CJ)

#ဆက်သွယ်ရေးလှိုင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly