“မိုခါ” စူပါဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်နေသော စစ်တွေမြို့အခြေအနေ 

By ရွှေနွယ်(မဇ္ဈိမ)
14 May 2023
“မိုခါ” စူပါဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်နေသော စစ်တွေမြို့အခြေအနေ 

ရခိုင်ပြည်နယ် ၊ စစ်တွေမြို့တွင် ယနေ့ မေလ ၁၄ရက် နေ့လယ်ပိုင်းမှစတင်ကာ မုန်တိုင်းဗဟိုချက် စတင်ဖြတ်သန်းနေပြီး မြို့အတွင်း ဒီရေများဝင်ရောက်နေသည်။

စစ်တွေမြို့အတွင်းရှိ MPT ဆက်သွယ်ရေးတာဝါတိုင်လည်း ထက်ပိုင်းလဲကျသွားပြီးနောက် လက်ရှိတွင် ဆက်သွယ်ရေးဖုန်းလိုင်းများ ပြတ်တောက်လျက်ရှိသည်။

ထို့အပြင် မုန်တိုင်း၏အမြီးပိုင်းသည် အင်အားပြင်းပြင်းဖြင့် ဆက်လက်တိုက်ခတ်လာနိုင်ပြီး တစ်နာရီ မိုင် ၁၀၀ နှုန်းဖြင့် ယနေ့ ညသန်းခေါင်ကျော်အချိန်အထိ ဖြတ်ကျော်နိုင်သည်ဟု မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားသည်။

ထိုအချိန်တွင် မုန်တိုင်းဒီလှိုင်းအမြင့်သည် ၁၀ ပေကျော်သည်အထိ ရှိနိုင်သည်ဟု ၎င်းကခန့်မှန်းထားသည်။

“မိုခါ” စူပါဆိုင်ကလုန်းမုန်တိုင်းကြောင့် စစ်တွေမြို့အတွင်း ဒီရေများဝင်ရောက်လာသည့်အတွက် နေအိမ်များ နစ်မြုပ်ကာ အချို့သောမိသားစုများသည် အိမ်ခေါင်မိုးပေါ်တွင် တက်နေရပြီး အကူအညီများ လိုအပ်နေကြောင်း လူမှုကွန်ရက်ပေါ်တွင် အကူအညီတောင်းခံထားကြသည်။

“မိုခါ” ဆိုင်ကလုန်းမုန်တိုင်းနှင့် နောက်ဆက်တွဲဖြစ်စဉ်များကြောင့် ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် သေဆုံးသူငါးဦးရှိပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly