ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” အန္တရာယ် ကြိုတင်ကာကွယ်ရန် PDF – Kalay အသိပေး 

By ပါခွီး (မဇ္စျိမ)
14 May 2023
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” အန္တရာယ် ကြိုတင်ကာကွယ်ရန် PDF – Kalay အသိပေး 

စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်အတွင်း ဝင်ရောက်လာမည် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” အန္တရာယ် ကြိုတင် ကာကွယ်နိုင်ရန် ဒေသခံ ခေါင်းဆောင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကလေး) PDF – Kalay ထံမှ သိရသည်။

လက်ရှိဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်းသည် ကလေးမြို့ပေါ်သို့ဝင်ရောက်မည်ဖြစ်သဖြင့် မုန်တိုင်းမဝင်ခင် ပြင်ဆင်သင့်သည်များနှင့် မုန်တိုင်းတိုက်ခတ်ချိန်တွင် ပြုလုပ်သင့်သည်များကို မေလ ၁၃ ရက်နေ့က အသိပေးခဲ့ ခြင်းဖြစ်သည်။

“လက်ရှိမှာတော့ မုန်တိုင်းအခြေအနေကို စောင့်ကြည့်နေဆဲဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် လိုအပ်ပါ က အဆင်သင့်ရှိဖို့ တပ်ရင်းတွေနဲ့ ဆေးတပ်ဖွဲ့တွေကိုတော့ ညွှန်ကြားထားပြီးဖြစ်ပါတယ်” ဟု Kalay Region Support Center တာဝန်ရှိသူတစ်ဦးက မဇ္စျိမ ကိုပြောသည်။

မုန်တိုင်းဒဏ်ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျေးရွာအချို့မှခေါင်းဆောင်များမှတဆင့် ပြည်သူများအား မုန်တိုင်း ဒဏ်ကာမှကွယ်ကွယ်ရေး ပြင်ဆင်ထားကြရန်နှင့် လုပ်ဆောင်ရမည့်အရာများကို ကြိုတင်သတိပေးထားကြောင်း ဆိုသည်။

ယင်းသို့ဆောင်ရွက်ရာတွင် ပြည်သူအချို့မှာ မုန်တိုင်းဒဏ်ကာကွယ်ရေး ကြိုတင်ပြင်ဆင်ခြင်း အသိပညာပေးမှုများ ကို လိုက်နာမှုအားနည်းသည့်အတွက် အခက်အခဲအချို့ရှိကြောင်း သိရသည်။ ထို့ပြင် စားနပ်ရိက္ခာနှင့် ကျန်းမာရေး ကိစ္စများအတွက် မလုံလောက်သည့် စိန်ခေါ်မှုများရှိနေပြီး တတ်နိုင်သောပြည်သူများအနေဖြင့် ကူညီကြရန် မေတ္တာ ရပ်ခံထားသည်။ 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကလေး)အနေဖြင့် ဒေသခံများအား မုန်တိုင်းမဝင်မီ အိမ်များစစ်ဆေးထားရန်နှင့် အရေးပေါ်ဆေးဝါး ၊ ရိက္ခာများ စုဆောင်းထားရန်နှင့် ဆက်သွယ် ရေးအတွက် လိုအပ်သည့်ပစ္စည်းများ ပြင်ဆင်ထား ကြရန် အသိပေးထားသည်။

မုန်တိုင်းတိုက်ခတ်ချိန်တွင် အိမ်သုံးလျှပ်စစ်ပစ္စည်းများနှင့် ဂက်စ်ပိုက်၊ ရေပိုက်များ ပိတ်ထားကြရန်နှင့် လုံခြုံဘေး ကင်းသည့်နေရာများတွင် အကာအကွယ်ယူတတ်ရန်နှင့် မုန်တိုင်းသတင်းအသိပေးချက်အပါအဝင် လိုက်နာသင့် သည့် အချက်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required