မြန်မာနိုင်ငံ အနောက်ပိုင်းတွင် စူပါဆိုင်ကလုန်းဒဏ် တုံ့ပြန်ရေး ကုလနှင့် လူသားချင်းစာနာမှု မိတ်ဖက်အဖွဲ့များ ပြင်ဆင်

မြန်မာနိုင်ငံ အနောက်ပိုင်းတွင် စူပါဆိုင်ကလုန်းဒဏ် တုံ့ပြန်ရေး ကုလနှင့် လူသားချင်းစာနာမှု မိတ်ဖက်အဖွဲ့များ ပြင်ဆင်
Photo-EPA

မေလ ၁၄ ရက်တွင် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၌ ကုန်းတွင်းပိုင်း ဝင်ရောက်မည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါဒဏ် သက်ရောက်မည့် လူ့အစုအဖွဲ့များအတွက် ဘေးအန္တရာယ်ဆိုင်ရာ အသက်ကယ် အကူအညီများ ပံ့ပိုးပေးအပ်ရန် ကုလသမဂ္ဂနှင့် ယင်း၏ လူသားချင်းစာနာမှုမိတ်ဖက်အဖွဲ့များက အသင့်ပြင်ထားကြောင်း ပူးတွဲထုတ်ပြန်ချက်တစ်ရပ်အရ သိရသည်။

“ကမ်းရိုးတန်းကို ဖြတ်ကျော်ချိန်မှာ အမြင့်ဆုံး လေတိုက်နှုန်း တစ်နာရီ ၂၁၀ ကီလိုမီတာအထိ ရှိဖွယ်ရှိတဲ့ ဒီ အင်မတန် အားပြင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီး ဝင်ရောက်မှာကို လူအစုအဖွဲ့တွေ ရင်ဆိုင်ဖြတ်ကျော်ကြရပါမယ်” ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး၊ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး ရာမနသန် ဘလာခရှစ်နန်က ပြောသည်။ ထို့ပြင် မိုခါ ဆိုင်ကလုန်းကိုလည်း “စူပါ ဆိုင်ကလုန်း” အဖြစ် ၎င်းက ညွှန်းဆိုသည်။

ဆိုင်ကလုန်းကြောင့် ရခိုင်ပြည်နယ် ကမ်းရိုးတန်းဧရိယာများတွင် လေပြင်းများ ကျရောက်ပြီး ပင်လယ်ပြင်လှိုင်းမြင့်တက်မည်ဟု ခန့်မှန်းထားသလို ဒေသအာဏာပိုင်းများမှတစ်ဆင့် မြေနိမ့်ပိုင်း ဧရိယာများတွင် ဘေးလွတ်ရာ ရွှေ့ပြောင်းမှုများကို လုပ်ဆောင်ထားပြီးဖြစ်သည်။ ကြီးမားသော ရာသီဥတုစနစ်သည် ယင်းနောက် ကုန်းတွင်းပိုင်းသို့ ရွေ့လျားမည်ဟု မျှော်လင့်ရပြီး မုန်တိုင်းကြောင့် မိုးကြီးမည့် ဧရိယာများတွင် မြေပြိုမှုနှင့် ရေကြီးမှုများ ဖြစ်နိုင်သည့် အန္တရာယ်ရှိသည်။

ဆိုင်ကလုန်း မဝင်ရောက်မီ ထိခိုက်သက်ရောက်မှုများ ရှိမည်ဟု လက်ရှိခန့်မှန်းထားသည့် တိုင်းနှင့် ပြည်နယ်များ (ရခိုင်၊ ချင်း၊ မကွေးနှင့် စစ်ကိုင်း) တွင် လူသားချင်းစာနာမှု အကူအညီ လိုအပ်လျက် ရှိသည့် ခန့်မှန်းခြေ လူ ၆ သန်းခန့် ရှိနေပြီး ဖြစ်သည်။ စုစုပေါင်းအားဖြင့် နိုင်ငံအနောက်ပိုင်းရှိ အဆိုပါ ပြည်နယ်များတွင် နေရပ်စွန့်ခွာတိမ်းရှောင်သူ ၁ ဒသမ ၂ သန်းကို လက်ခံနေရာပေးထားရပြီး ၎င်းတို့အနက် အများအပြားသည် ပဋိပက္ခတိုက်ပွဲများကြောင့် ထွက်ပြေးလာကြရသူများဖြစ်ပြီး သင့်တော်သည့် အမိုးအကာ၊ အဆောက်အအုံ မရှိဘဲ ဟင်းလင်းပွင့် နေထိုင်ရလျက် ရှိသည်။ ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများရှိ ဒုက္ခသည်သိန်းချီအတွက်လည်း လာမည့် ၂၄ နာရီသည် အန္တရာယ်ရှိမည် ဖြစ်ပြီး ၎င်းတို့သည် ဆိုင်ကလုန်းမုန်တိုင်း မြန်မာရှိ နယ်စပ်ကို ဖြတ်ကျော်စဉ် လေပြင်းကျမှုနှင့် မိုးကြီးမှုများနှင့် ရင်ဆိုင်ရဖွယ် ရှိသည်။

“ဒီလောက် ကြီးမားတဲ့ လူသားချင်းစာနာမှု အကူအညီ လိုအပ်နေပြီးသားဖြစ်တဲ့ ဧရိယာတစ်ခုမှာ ဆိုင်ကလုန်းမုန်တိုင်း တစ်ခု တိုက်တာက ထိတ်လန့်စရာ အခြေအနေတစ်ခုဖြစ်နေပါတယ်။ အဲဒါက တစ်ခုပြီးတစ်ခု ဖြစ်နေတဲ့ အကျပ်အတည်းတွေကြောင့် ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းတွေ အကြီးအကျယ် ဆုတ်ယုတ်လျော့ပါးနေတဲ့ ခုခံနိုင်စွမ်းနည်းပါးတဲ့ လူသိန်းချီအပေါ် ထိခိုက်သက်ရောက်စေပါတယ်” ဟု မစ္စတာ ဘလာခရစ်ရှ်နန်က ပြောသည်။

လူသားချင်းစာနာမှု အသိုက်အဝန်းသည် သီတင်းပတ်အစတွင် ယင်း၏ အရေးပေါ် တုံ့ပြန်မှုဆိုင်ရာ အရန်အသင့်ရှိမှု အစီအစဉ်ကို အသက်သွင်းထားပြီး တုံ့ပြန်ဆောင်ရွက်ရာတွင် အသင့်ရှိနေစေရန် သက်ဆိုင်သူအားလုံးနှင့် ဆက်ဆံလုပ်ဆောင်လျက် ရှိသည်။ ထိခိုက်သက်ရောက်နိုင်ခြေ အများဆုံး ဖြစ်သည့် ဧရိယာများသို့ လူသားချင်းစာနာမှု အကူအညီ ရောက်ရှိစေရန်နှင့် ထိခိုက်ခံ အစုအဖွဲ့များ ၎င်းတို့ကိုယ်တိုင် မည်သို့မည်ပုံ ဘေးကင်းအောင် နေရမည် ဆိုသည်ကို အသေအချာ သိရှိစေရန် အကူအညီပေးရေး အဖွဲ့များက အချိန်ပြည့် လုပ်ဆောင်လျက် ရှိသည်။

“မုန်တိုင်းဒဏ်သင့် ဧရိယာတွေမှာ ရနိုင်၊ သုံးနိုင်တဲ့ စတော့တွေနဲ့ ကြိုတင် နေရာချထားမှု အမှုထမ်းတွေနဲ့ ပြင်ဆင်ဖို့ မိမိတို့ လုပ်နိုင်သမျှ အရာအားလုံး လုပ်ထားတယ်။ ဒါမှလည်း ဆိုင်ကလုန်း ဖြတ်ကျော်ပြီးတာနဲ့ မိမိတို့ တုံ့ပြန်ဆောင်ရွက်ဖို့ အသင့်ရှိနေမှာဖြစ်တယ်။ ရှေ့မှာ ရောက်လာမယ့် အရေးကြီးတဲ့နေ့တွေမှာ ဒီ အကူအညီတွေကို ပေးနိုင်အောင် လုပ်ဖို့အတွက် ထိခိုက်ခံ ပြည်သူတွေဆီ ရောက်ပေါက်နိုင်မှုနဲ့ ငွေကြေးထောက်ပံ့မှုတွေ တိုးမြှင့်ဖို့က အင်မတန် အရေးကြီးတယ်” ဟု လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးက ပြောသည်။

မြန်မာ လူသားချင်းစာနာမှု တုံ့ပြန်မှု အစီအစဉ်သည် ၁၀ ရာခိုင်နှုန်းအောက်သာ ငွေကြေးထောက်ပံ့မှုရထားပြီး ယခုနှစ်တွင် တချို့သော မဖြစ်မနေ အရေးပါသော ကဏ္ဍများတွင် ယခုအချိန်အထိ ငွေကြေးထောက်ပံ့မှု မရရှိသေးဟု သိရသည်။

“အရေးတကြီး ဘဏ္ဍာငွေ ဖြည့်သွင်းမှုကို အသည်းအသန် လိုအပ်ပါတယ်။ အဲဒါမှ မိမိတို့ဟာ ဒီ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဘယ်သူတစ်ဦးတစ်ယောက်မှ နောက်မှာ ကျန်မနေခဲ့အောင် အသေအချာလုပ်နိုင်မှာဖြစ်သလို နိုင်ငံတစ်ဝန်း အခြားအကျပ်အတည်းတွေကြောင့် အကူအညီ လိုအပ်နေတဲ့ လူ ၁၇ ဒသမ ၆ သန်းကို ဆက်လက် တုံ့ပြန်ကူညီပေးနိုင်မှာဖြစ်ပါတယ်။ ဒီလို ခက်ခဲတဲ့ အချိန်မှာ မြန်မာပြည်သူတွေကို ထောက်ပံ့ကူညီဖို့ ရက်ရက်ရောရော ပေးကြဖို့ အလှူရှင်တွေကို ကျွန်တော် တိုက်တွန်းပါတယ်” ဟု မစ္စတာ ဘလာခရစ်နန်က ပြောသည်။

UN preps ‘scaled-up’ response to ‘nightmare’ Super Cyclone scenario in western Myanmar
https://www.mizzima.com/article/un-preps-scaled-response-nightmare-super...
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required