“ တရုတ် စီမံကိန်းတွေ ဘာဆက်လုပ်သင့်သလဲ”

“ တရုတ် စီမံကိန်းတွေ ဘာဆက်လုပ်သင့်သလဲ”

ကိုမျိုးသန့်ရေ

ကျွန်တော် တရုတ်နိုင်ငံ ပီကင်းသွားတဲ့ ခရီးစဉ်အကြောင်း ပြောတာ မပြည့်စုံသေးပါဘူး။ ဒီနေ့တော့ နောက်ဆုံး စာ အနေနဲ့ ပြောဖို့ ကျန်နေရစ်တာတွေကို ပြောပြပါ့မယ်။ ဂျာနယ်လစ် ဆိုတာ ထိန်ချန်ထားလို့ ဘယ်ဖြစ်ပါ့မလဲနော။ ကျွန်တော်တို့ တရုတ်ပြည် ပီကင်းကို သွားတဲ့ခရီးစဉ်မှာ အဓိကကတော့ ပြောပြခဲ့ပြီးသလို တရုတ်ပြည်သူ့ကွန်ဂရက် အစည်းအဝေး တစ်နည်းအားဖြင့် တရုတ် လွှတ်တော်ကို လေ့လာ သတင်းယူဖို့ပါ။ နောက်ထပ် ခရီးစဉ်ထဲမှာ ပါတာကတော့ ကျွန်တော်တို့ နိုင်ငံမှာ အဓိက ရင်းနှီးမြှုပ်နှံမှုတွေ လာလုပ်နေတဲ့ ကုမ္ပဏီတွေက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပေးဖို့ပါ။   တွေ့ဆုံတဲ့အခါ အဲဒီ တာဝန်ရှိသူတွေက သူတို့ရဲ့ စီမံကိန်း သတင်းစာဆရာတွေကို ရှင်းပြနိုင်မယ်၊ သတင်းစာ ဆရာတွေက နားလည်နိုင်မယ်ပေါ့။ နောက် သူတို့ဆီမှာ အာစီယံ နိုင်ငံတွေအတွက် ထုတ်ဝေတဲ့ ဂျာနယ်၊ မဂ္ဂဇင်းတိုက်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ ဆိုတာလည်း ပါပါတယ်။ ဒီနေ့တော့ မြန်မာနိုင်ငံထဲ လာ ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီတွေက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ရတာတွေကို ပြောပြပါ့မယ်။

ပထမ ဆုံးကတော့ နာမည်ကြီး မြစ်ဆုံဆည် ရေကာတာ တည်ဆောက်တဲ့ လုပ်ငန်းကို လွဲှပြောင်းရယူထားတဲ့ SPIC ကုမ္ပဏီ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံရတဲ့ အကြောင်းပါ။ ထုံးစံ အတိုင်း မြစ်ဆုံဆည်နဲ့ အခြား ဆက်စပ် စီမံကိန်းတွေ အကြောင်း သူတို့ အသေအခြာ ရှင်းပြပါတယ်။ နောက်တော့ ကျွန်တော်တို့ သတင်းစာဆရာတွေ မေးသမျှ ဖြေပါတယ်။ ကျွန်တော်နဲ့ အတူ ပါသွားသူတွေကလည်း အားမနာ လျှာမကျိုး အကြီးအကျယ် မေးခွန်းတွေ ထုတ်ပါတယ်။ ကျွန်တော်လည်း တစ်ခွန်း နှစ်ခွန်းလောက်တော့ ဝင်မေးလိုက်ပါသေးတယ်။

သူတို့ အဓိက ပြောတာကတော့ ဒီ မြစ်ဆုံဆည် စီမံကိန်းဆိုတာ မြစ်ဆုံ တစ်ခုတည်းမဟုတ်ဘူး။ မေခ နဲ့ မလိခ မြစ်အပေါ်မှာ ၆ ခု၊ ပေါင်း စီမံကိန်း စုစုပေါင်း ၇ ခု ဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ မြန်မာအစိုးရနဲ့ အသေအခြာ စာချုပ်ချုပ်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ လူတွေ နားလည်မှု လွဲမှာစိုးလို့ တချို့ အချက်တွေကို သူတို့က ရှင်းပြပါတယ်။ အဲဒါကတော့ ဒီ စီမံကိန်းတွေကနေ လျှပ်စစ် ထွက်လာရင် မြန်မာနိုင်ငံက ၁၀ ရာခိုင်နှုန်း အခမဲ့ သုံးခွင့်ရမယ်။ တကယ်လို့များ နောက်ထပ် လိုလာသေးရင် ၂၀ ရာခိုင်နှုန်း ထပ်ပြီး ဝယ်သုံးနိုင်တယ်။ ဈေးကတော့ ကုမ္ပဏီကနေ နိုင်ငံခြားကို ရောင်းတဲ့ ဈေးနှုန်းအတိုင်း ဖြစ်မယ်လို့ ဆိုပါတယ်။ ဒါတင်မက ဒီထက် များများ လိုချင်ရင်လည်း နောက်ထပ် ရောင်းပေးဦးမယ် လို့ ဆိုပါတယ်။ ဒီ စီမံကိန်းကို သူတို့ အလေးထားနေရတဲ့ အချက်ကတွေဟာ တရုတ်ဘဏ်တွေကနေ ချေးငှားယူထားတာ ဆိုတော့ အတိုးကလည်း နေ့တိုင်းတက်နေတယ်၊ ကုန်ကျစားရိတ် နေ့တိုင်းရှိနေတယ်၊ ဒါကြောင့် ဒီ ပြသနာကို ဘယ်လို ဖြေရှင်းကြမလဲ၊ နောက်တစ်ခုကတော့ ဒီ စီမံကိန်း အကောင်အထည် ဖော်တဲ့ ကုမ္ပဏီဟာ တရုတ်အစိုးရ ကုမ္ပဏီ ဖြစ်တာကြောင့် အစိုးရဘက်ကလည်း အလေးထားတယ် ဆိုတာပါပဲ။ နောက် သူ ခပ်တင်းတင်းပြောတာ တစ်ခုက တရုတ်ဟာ လျှပ်စစ် လိုချင်လို့ ဒီ စီမံကိန်းတွေ သွားလုပ်တာ မဟုတ်ဘူး၊ စီးပွားရေး သဘော သွားမယ့် စီမံကိန်းတွေ ရှိတယ် ဆိုပြီး ရှင်းပြပါတယ်။

သူ့ကို ကျွန်တော်မေးခဲ့တာကတော့ ခင်ဗျားတို့ ကုမ္ပဏီဟာ ကမ္ဘာအနှံ့ ခုလို ရေအားလျှပ်စစ် စီမံကိန်းတွေ လုပ်နေကြတယ်။ ခုလိုပဲ ပြည်သူလူထုက ကန့်ကွက်လို့ စီမံကိန်း ပျက်သွားတဲ့၊ ရပ်ဆိုင်းသွားတဲ့ သာဓက တွေရှိသလား၊ ရှိရင် ဘယ်လိုနည်းနဲ့ ဖြေရှင်းခဲ့သလဲ ပြောပြပါ။ ဆိုပြီး ဖြစ်ပါတယ်။ အဲဒီ မေးခွန်း သူ တိတိကျကျ မဖြေပါဘူး။ နိုင်ငံပေါင်းများစွာနဲ့ အလုပ်လုပ်တဲ့ ကုမ္ပဏီ တစ်ခု အနေနဲ့ ပြသနာပေါင်းများစွာ သူတို့ ကြုံဘူးမှာ ဖြစ်ပြီး ဘယ်လိုဖြေရှင်းခဲ့သလဲ ကျွန်တော် စိတ်ဝင်စားလို့ပါ။ သူတို့အတွက်ကတော့ ဒီ မြစ်ဆုံ စီမံကိန်း ဆိုတာဟာ နိုင်ငံတကာ ထွက်ပြီး သူတို့ ရင်းနှီးမြှုပ်နှံတဲ့ စီမံကိန်းတွေထဲမှာ ဒုတိယ အကြီးဆုံး စီမံကိန်းကြီး ဖြစ်လို့ပါ။

နောက်ထပ် ကျွန်တော်တို့ တွေ့ခွင့်ရတာက ကျောက်ဖြူ အထူးစီးပွားရေးဇုံနဲ့ ရေနက်ဆိပ်ကမ်း စီမံကိန်းကြီးကို အကောင်အထည် ဖော်ဖို့ တင်ဒါ ရထားတဲ့ CITIC ကုမ္ပဏီကြီးပါ။ ဒီကုမ္ပဏီ တာဝန်ရှိသူတွေကတော့ ပျော်ပျော်ပါးပါးပါ။ သူတို့ စီမံကိန်းဟာ မြန်မာ၊ တရုတ် တကယ် အကျိုးရှိမယ့် စီမံကိန်းအဖြစ် အသေအခြော ရှင်းပြကြပါတယ်။ ဒီလို နှစ်နိုင်ငံ အကျိုးရှိတဲ့ စီမံကိန်းဖြစ်လို့ သူတို့ လုပ်ခွင့်ရရင်ရ၊ မရရင်လည်း အမေရိကန်၊ ဗြိတိန် ဘယ်နိုင်ငံကပဲ လာပြီး ရင်းနှီးမြှုပ်နှံမှု လုပ်လုပ်၊ သူတို့ ဖိတ်ခေါ်တယ်၊ သူတို့ ပူးပေါင်းမယ်၊ ရင်းနှီးမြှုပ်နှံမှုလုပ်မယ် ဆိုပြီး ပြောပါတယ်။ တာဝန်ရှိသူ တစ်ယောက်ကတော့ မြစ်ဆုံဆည် စီမံကိန်းနဲ့ ပတ်သက်ပြီး တရုတ် ရင်းနှီးမြှုပ်နှံသူတွေ သင်ခန်းစာ အကြီးကြီး ယူရမယ့် စီမံကိန်းကြီး ဖြစ်တယ်လို့ ပြောပါတယ်။ သူတို့ စီမံကိန်းကတော့ မြစ်ဆုံနဲ့ မတူ၊ တကယ့်ကို နယ်မြေခံတွေကို အလုပ်အကိုင် ဖန်တီးပေးနိုင်မယ်၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်လာမယ်၊ ဒါကြောင့် ကြိုဆိုအပ်တဲ့ လုပ်ငန်း ဖြစ်ကြောင်း ရီကာမောကာ ယုံကြည်ချက် ရှိရှိနဲ့ ပြောပါတယ်။

ကိုမျိုးသန့်ရေ

ကျွန်တော်တို့ သတင်းစာ ဆရာတွေကတော့ ဗဟုသုတ တွေ အချက်အလက်တွေ ရပါတယ်။ ဒါတင်မက တိုင်းပြည်ရဲ့ တကယ့် အရေးကြီးတဲ့ စီမံကိန်းကို အကောင်အထည် ဖော်မယ့်သူတွေကို တွေ့ခွင့်ရ၊ မေးခွန်းတွေ မေးခွင့်ရတော့ အတော်လေးကို အကျိုးထူးပါတယ်။ နောက်ပိုင်း အဲဒီ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး အခြေအနေ သတင်းအချက်အလက်တွေလည်း သိခွင့်ရတော့ အဲဒီ ပြသနာတွေအကြောင်း တင်ပြတဲ့အခါ ဘက်လိုက်မှု မရှိပဲ မှန်မှန်ကန်ကန် ရေးသားနိုင်မယ်လို့ မျှော်လင့်ကြောင်းပါ။

ကျန်းမာပျော်ရွှင်ပါစေ။

စည်သူအောင်မြင့်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly