ဧရာဝတီတိုင်း မြို့နယ်အချို့ရှိ ကမ်းခြေဒေသများ၏ ရာသီဥတုအခြေအနေ

By မင်းထက်(မဇ္ဈိမ)
14 May 2023
ဧရာဝတီတိုင်း မြို့နယ်အချို့ရှိ ကမ်းခြေဒေသများ၏ ရာသီဥတုအခြေအနေ

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ယနေ့ မေလ ၁၄ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်နေကြောင်း ဒေသခံများထံက သိရသည်။

လပွတ္တာမြို့နယ် ၊ ငပုတောမြို့နယ်နှင့် ပုသိမ်မြို့နယ်တို့တွင် ရံဖန်ရံခါ လေပြင်းများ တိုက်ခတ်ခြင်း ၊မိုးရွာသွန်းခြင်းများဖြစ်ပေါ်နေသည်ဟု အဆိုပါမြို့နယ်များရှိ ဒေသခံများကပြောသည်။

လပွတ္တာမြို့နယ်အတွင်း၌ ယနေ့မနက် ၇ နာရီခန့်အချိန်မှစကာ လေပြင်းများတိုက်ခတ်နေပြီး မိုးရွာသွန်းမှုအနည်းငယ်ရှိကြောင်း ဒေသခံတစ်ဦးကပြောသည်။

"ခန့်မှန်း တစ်နာရီကို မိုင် ၅၀ နှုန်းလောက်နဲ့တိုက်နေတယ်။ မနေ့ညနေပိုင်းက ရေနည်းနည်းတက်လာပြီး ပြန်ကျသွားတယ်။ ဒီမနက်တော့ ရေတက်မလာသေးပါဘူး။ လေကတော့ သစ်ကိုင်းကျိုးတာလောက်ပဲ ရှိပါသေးတယ်"ဟု လပွတ္တာမြို့ခံတစ်ဦးက ပြောသည်။

နာဂစ်မုန်တိုင်းဒဏ်ကို ဆိုးရွားစွာ ခံစားခဲ့ရသည့် ငပုတောမြို့နယ်အောက်ဘက်မှ ကျောက်ကလပ်၊ ဘုန်းတော်ပြည့်၊ အဆင်းချိုင်၊ မန်ချည်းချိုင်၊ ပြည်သာယာ၊ ထိပ်စွန်းစသည့် ကျေးရွာများတွင်မူ ယနေ့ နံနက်ပိုင်းအချိန်မှစကာ လက်ရှိအချိန်အထိ လေတိုက်ခတ်မှု အနည်းငယ်ရှိနေကြောင်းသိရသည်။

ပုသိမ်မြို့နယ်အတွင်းရှိ ငွေဆောင်နှင့် ချောင်းသာကမ်းရိုးတန်းတို့တွင် ယနေ့ မနက်ပိုင်းအချိန်မှစကာ လက်ရှိအချိန်အထိ ရံဖန်ရံခါ လေပြင်းများတိုက်ခတ်နေကြောင်း၊ မိုးရွာသွန်းမှုအနည်းငယ်ရှိကြောင်း ဒေသခံများက ပြောသည်။

"လေကတော့ တစ်ချက်တစ်ချက် ထတိုက်တယ်ပြီး မိုးနည်းနည်းရွာတယ်။ပြီးတော့ နေပြန်ထွက်လိုက် လေပြန်တိုက်လိုက်ဖြစ်နေတာပါ။ လေတိုက်ခါနီးဆိုရင်တော့ မိုးတွေအုံ့ပြီး မှောင်မဲသွားတယ်။ လောလောဆယ်တော့ လေတိုက်လို့ သစ်ကိုင်းကျိုးတာလောက်ပဲ ရှိသေးတယ်"ဟု ချောင်းသာမြို့ပေါ်နေ ဒေသခံတစ်ဦးက ပြောသည်။

အလားတူ ငွေဆောင်မြို့ပေါ်နှင့် ကမ်းခြေတွင်လည်း ရံဖန်ရံခါ လေပြင်းများတိုက်ခတ်နေပြီး မိုးရွာသွန်းမှုအနည်းငယ်ရှိကြောင်း ဒေသခံများက ပြောသည်။

ဆိုင်ကလုန်းမုန်တိုင်း မိုခါ၏ ဗဟိုချက်သည် ယနေ့ နေ့လယ်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့အနီးမှ အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်း မုန်တိုင်း မိုခါ အနေဖြင့် ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly