မုန်တိုင်းအရှိန်ကြောင့် ကျောက်တော်မြို့တွင် လေပြင်းများတိုက်ခတ်နေ 

By ကီရာ(မဇ္ဈိမ)
14 May 2023
မုန်တိုင်းအရှိန်ကြောင့် ကျောက်တော်မြို့တွင် လေပြင်းများတိုက်ခတ်နေ 

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါအရှိန် ကြောင့် ယနေ့ မေလ ၁၄ ရက် မွန်းလွဲ ၂ နာရီခွဲအချိန်မှစတင်၍ လေပြင်းများတိုက်ခတ်လျှက်ရှိသည်ဟု ဒေသခံ တစ်ဦး၏ သတင်းပေးပို့ချက်အရ သိရသည်။

လေပြင်းတိုက်ခတ်မှုအရှိန်ကြောင့် လူနေအိမ်ခေါင်မိုးများ ပြုတ်ထွက်လျှက်ရှိပြီး စိုးရိမ်ရသည့် အနေအထား ဖြစ်နေ သည်ဟု ၎င်းက ပြောသည်။
ပေးပို့လာသည့် ရုပ်သံဗီဒီယိုတွင်လည်း လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခေါင်မိုးများမရှိတော့ဘဲ ဝါးလုံးများနှင့် တာလပတ် အဝတ်များသာ ကျန်ရှိသည့် အိမ်အနေအထားကို တွေ့မြင်ရမည်ဖြစ်သည်။

မုန်တိုင်းမလာခင် ရက်များကတည်းကပင် ကျောက်တော်ဒေသခံများမှာ ၎င်းတို့အိမ်အနေအထားများအရ လုံခြုံမှု မရှိသည့်အတွက် လေပြင်းများတိုက်ခတ်မည်ကို စိုးရိမ်နေကြကြောင်း ပြောကြသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ယနေ့မြန်မာစံတော်ချိန်  မွန်းလွဲ ၂ နာရီအချိန် ထုတ်ပြန်ချက်တွင် အလွန့်အလွန် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA)သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ စစ်တွေမြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၃၀ မိုင် ခန့်၊ မောင်တောမြို့၏ တောင်ဘက် ရေမိုင် ၅၀ မိုင်ခန့်၊ ကျောက်ဖြူမြို့၏ အနောက်မြောက်ဘက် ရေမိုင် ၈၀ မိုင်ခန့်၊ မာန်အောင်မြို့၏ အနောက်မြောက် ဘက် ရေမိုင် ၁၀၀ မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့၏ တောင်ဘက် ရေမိုင် ၈၅ မိုင်ခန့်အကွာ ပင်လယ် ပြင်ကို ဗဟိုပြုနေကြောင်း ဖော်ပြထားသည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly