တရုတ်နှင့် ရုရှားက စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင်နေဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီး သတိပေး

တရုတ်နှင့် ရုရှားက စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင်နေဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီး သတိပေး

ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာ ဟာရာရှီက အာရှတွင် ရုရှားနှင့်တရုတ်တို့၏ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုအပေါ် စိုးရိမ်ကြောင်း မေလ ၁၃ ရက်က ပြောကြားခဲ့ပြီး ရုရှားက ယူကရိန်းကို အင်အားအလုံးအရင်းဖြင့် ကျူးကျော်ပြီးနောက်ပိုင်း  ဥရောပ၏ လုံခြုံရေးအခြေအနေသည် အင်ဒို-ပစိဖိတ်ဒေသ၏ လုံခြုံရေးနှင့် ခွဲခြား၍မရနိုင်ကြောင်း သတိပေးလိုက်သည်။

ဆွီဒင်တွင်ကျင်းပသော ဥရောပနှင့် အင်ဒို-ပစိဖိတ်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဟာယာရှီက ရုရှား၏ ယူကရိန်းကျူးကျော်စစ်ပွဲသည် နိုင်ငံတကာအခင်းအကျင်း၏ အခြေခံအုတ်မြစ်ကို တုန်လှုပ်စေခဲ့သဖြင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ စုပေါင်းတုံ့ပြန်မှုကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့သို့မတုံ့ပြန်ပါက တခြားဒေသများတွင်လည်း အလားတူစိန်ခေါ်မှုများ ပေါ်ပေါက်လာနိုင်ပြီး မိမိတို့၏ ငြိမ်းချမ်းရေးနှင့် သာယာဝပြောမှုကို ပံ့ပိုးပေးထားသော လက်ရှိအခင်းအကျင်းကို ကမောက်ကမဖြစ်သွားစေနိုင်သည်ဟု ဟာယာရှီက ပြောကြားခဲ့သည်။

ဂျပန်က ရုရှား၏ကျူးကျော်စစ်ပွဲတွင် ယူကရိန်းဘက်မှ ပြတ်ပြတ်သားသား ထောက်ခံနေစဉ်မှာ တရုတ်က ရုရှားနှင့် အကန့်အသတ်မရှိ ဆက်ဆံရေးကို ကြေညာထားပြီး အမေရိကန်နှင့် နေတိုးအဖွဲ့အား ပဋိပက္ခကို နှိုးဆွပေးသူများအဖြစ် အပြစ်တင်ရင်း ကြားနေအဖြစ် ရပ်တည်နေဆဲဖြစ်သည်။

ဂျပန်ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါကာသည် မတ်လက ယူကရိန်းမြို့တော် ကိယက်ဗ်သို့ သွားရောက်စဉ် တရုတ်သမ္မတ ရှီကျင့်ဖျင်ကလည်း  ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် မော်စကိုတွင် တွေ့ဆုံခဲ့သည်။

တရုတ်သည် အရှေ့နှင့် တောင်တရုတ်ပင်လယ်များတွင် အင်အားသုံး၍ လက်ရှိအနေအထားကို ပြောင်းလဲရန်နှင့် ထိုင်ဝမ်တစ်ဝိုက်တွင် စစ်ရေးလှုပ်ရှားမှုများကို တိုးမြှင့်ရန်  တစ်ဖက်သတ် ကြိုးပမ်းမှုများကို အရှိန်မြှင့်လုပ်ဆောင်နေသည်ဟု ဟာရာရှီက စွပ်စွဲခဲ့သည်။

"ဒါ့အပြင် တရုတ်နဲ့ ရုရှားက ဗုံးကြဲလေယာဉ် ပူးတွဲပျံသန်းတာတွေနဲ့ ဂျပန်အနီးတစ်ဝိုက်မှာ ရေတပ် ပူးတွဲလေ့ကျင့်တာတွေအပါအဝင် စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်နေတာပါ" ဟု ဟာယာရှီက ပြောကြားခဲ့သည်။

တောင်တရုတ်ပင်လယ်ရှိ ရေပြင်အများစုနှင့် အရှေ့တရုတ်ပင်လယ်ရှိ ဂျပန်ထိန်းချုပ်ထားသောကျွန်းစုများကို ပိုင်ဆိုင်ကြောင်း တောင်းဆိုထားသည့် တရုတ်က ၎င်း၏ အချုပ်အခြာအာဏာနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားများကို ကာကွယ်ပိုင်ခွင့်ရှိသည်ဟု ဆိုသည်။

ဟာယာရှီသည် ဆွီဒင်နိုင်ငံ မြို့တော် စတော့ဟုမ်း၏ မြောက်ဘက်ပိုင်းတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ဥရောပသမဂ္ဂနှင့် အင်ဒို-ပစိဖိတ်ဒေသမှ ဒါဇင်နှင့်ချီသော ဝန်ကြီးများနှင့်အတူ တက်ရောက်ခဲ့သည်။ ထိုဆွေးနွေးပွဲတွင် တရုတ်ကို မဖိတ်ကြားခဲ့ပေ။

တရုတ်နိုင်ငံမပါဘဲနှင့် အင်ဒို-ပစိဖိတ်ဒေသတွင်းနိုင်ငံများနှင့် အဓိပ္ပာယ်ပြည့်ဝသော တွေ့ဆုံဆွေးနွေးပွဲ ဖြစ်နိုင်ခြင်း ရှိ မရှိဆိုသော မေးခွန်းအပေါ် အီးယူနိုင်ငံခြားရေးမူဝါဒအကြီးအကဲ ဂျိုးဇက်ဘော်ရယ်က “အီးယူအနေနဲ့ တရုတ်နဲ့ ဆွေးနွေးဖို့ တခြားအခွင့်အရေးတွေ အများကြီးရှိပါတယ်။ တရုတ်မပါဘဲ အင်ဒို-ပစိဖိတ်ဒေသအကြောင်း ပြည့်ပြည့်စုံစုံ ဆွေးနွေးနိုင်ပါတယ်။ ဒါဟာ တရုတ်ကို လျစ်လျူရှုချင်တာလို့ မဆိုလိုပါဘူး။ ဒါကို ပြဿနာလို့ မမြင်ပါဘူး” ဟု ပြောကြားခဲ့သည်။ 

China and Russia are increasing their military collaboration, Japan’s foreign minister warns
Source: https://apnews.com/article/japan-china-ukraine-war-russia-taiwan-c11b5c5...
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required