မိုးထဲရေထဲ စစ်ကြောင်းထိုးခံနေရသဖြင့် ခင်ဦးအနောက်ခြမ်းမှ ဒေသခံ ၃,၀၀၀ ခန့် ထွက်ပြေးနေရ

By 007 (မဇ္စျိမ)
14 May 2023
မိုးထဲရေထဲ စစ်ကြောင်းထိုးခံနေရသဖြင့် ခင်ဦးအနောက်ခြမ်းမှ ဒေသခံ ၃,၀၀၀ ခန့် ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း။ ခင်ဦးမြို့နယ် အနောက်ခြမ်းသို့ စစ်ကောင်စီတပ်က အကြောင်းမဲ့စစ်ကြောင်းထိုး ၀င်လာသဖြင့် ဒေသခံ ၃,၀၀၀ ခန့်မှာ မုန်တိုင်းမိုးဒဏ်ခံနေရချိန်တွင် ထွက်ပြေးနေကြရကြောင်း သတင်းရရှိသည်။

“မနက် ၆ နာရီခွဲလောက်ကစပြီး အကြောင်းမဲ့ စစ်ကြောင်းထိုးတယ်။ လက်နက်ကြီးနဲ့ပစ်၀င်တော့ မခံနိုင်လို့ မိုးထဲလေထဲ ထွက်ပြေးကြရတယ်။ တချို့က တောထဲပြေးတာ၊ မြို့မှာ ဆွေမျိုးမိတ်ဆွေရှိသူတွေကတော့ မြို့ပေါ်ကို ရှောင်ထွက်လာတာပေါ့” ဟု ခင်ဦးမြို့ခံတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အနောက်ခြမ်းမှ အင်းပတ်၊ ချမ်းသာကုန်း၊ ကုန်းသာ စသည့်ကျေးရွာများမှ ဒေသခံ ၃,၀၀၀ ကျော် မိုးထဲရေထဲ စစ်ဘေးရှောင်ထွက်ပြေးနေကြရခြင်းဖြစ်ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြား ရေးကလည်း ဆိုသည်။

အင်းပတ်ကျေးရွာတွင် စစ်စခန်းဖွင့်ထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့က ယနေ့ မေလ ၁၄ ရက်နေ့ နံနက် ၆ နာရီ၀န်းကျင်ခန့်တွင် ချမ်းသာကုန်းကျေးရွာကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ် ခတ်ပြီးနောက် ကျေးရွာအတွင်း၀င်ရောက်ကာ ဒေသခံများ၏၀မ်းစာများအား ယူဆောင်သွားကြောင်း၊ အလားတူ အင်းပတ်ကျေးရွာကိုလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ယင်းသို့ ပစ်ခတ်မှုကြောင့် အသက်လေးနှစ်အရွယ်ကလေးငယ်တစ်ဦး ကျည်ဆန်ထိမှန်ဒဏ်ရာရသဖြင့် ဆေးကုသမှုပေးထားရကြောင်း သိရ သည်။

မိုခါမုန်တိုင်း ကုန်းတွင်းပိုင်းကို၀င်ရောက်ချိန်တွင် တိုင်းနှင့်ပြည်နယ်အနှံ့အပြား မိုးသက်လေပြင်းကျရောက်နိုင် ကြောင်းသတင်းအရ ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေစဉ် အကြောင်းမဲ့ စစ်ကြောင်းထိုး၀င်ရောက်လာခြင်းဖြစ် ကြောင်း ဒေသခံများကပြောသည်။

Photo - ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး

စာတည်း။ ။စောဖေ

စာမူတည်ဖြတ်။ ။စောဖေ

#စစ်ကိုင်တိုင်း

#ခင်ဦးမြို့နယ်

#စစ်ကြောင်းထိုး

#ထွက်ပြေးနေရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly