PDF ကင်းစင်ပ​ပျောက်​အောင်​ဆောင်ရွက်မည်ဟု စစ်​ကောင်စီ​ခေါင်း​ဆောင်ပြော

By 001 (မဇ္စျိမ)
14 May 2023
PDF ကင်းစင်ပ​ပျောက်​အောင်​ဆောင်ရွက်မည်ဟု စစ်​ကောင်စီ​ခေါင်း​ဆောင်ပြော

ပြည်သူ့ကာကွယ်​​ရေးတပ်ဖွဲ့ဝင် PDF များကို ကင်းစင်ပ​​ပျောက်​အောင် ​ဆောင်ရွက်ရမည်ဖြစ်​ကြောင်း အာဏာသိမ်းစစ်​ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်း​အောင်လှိုင်က ​မေလ ၁၂ ရက်​နေ့က ကျိုင်းတုံတပ်နယ်မှ စစ်တပ် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ​တွေ့ဆုံရာတွင် ​ပြောကြားခဲ့သည်။

လက်ရှိတွင် နိုင်ငံတည်ငြိမ်​အေးချမ်း​အောင် ဖန်တီး​ဆောင်ရွက်​ပေးရန်လိုပြီး အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်မူ ငြိမ်းချမ်း​ရေးရရှိ​​အောင် ​ဆောင်ရွက်ရမည်ဖြစ်​ကြောင်းလည်း စစ်​ကောင်စီ​ခေါင်း​ဆောင် မင်း​အောင်လှိုင်က ​ပြောသည်။

အမျိုးသားညီညွတ်​ရေးအစိုးရ NUG ၊ PDFနှင့် ၎င်းတို့ကို ပံ့ပိုး​နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ကို ပြတ်ပြတ်သားသား အ​ရေးယူ​ဆောင်ရွက်သွားမည်ဖြစ်​ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်း​အောင်လှိုင်က ပြီးခဲ့သည့် မတ်လ ၂၇ ရက်​နေ့က ​၎င်း၏ မိန့်ခွန်းတွင် ​ထည့်သွင်းပြောဆိုခဲ့ဖူးသည်။

"သူတို့ တပ်မ​​တော်​နေ့ မိန့်ခွန်းမှာ ဗိုလ်ချုပ်မှူးကြီး မင်း​အောင်လှိုင်က PDF ​တွေကိုကူညီ​ပေး​နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်​တွေကို အပြတ်တိုက်ခိုက်မယ်လို့ ကြိမ်း​မောင်း​နေတာပါ။ ဒါ​ပေမဲ့ အဲ့ဒီအ​ပြောက ​လေထဲကလာ လေထဲမှာတင် ​ပျောက်သွားတာပါပဲ။ အခု PDF ​တွေနဲ့ ပတ်သက်လို့ အပြုတ်​​ချေမှုန်းမယ်ဆိုတာလည်း ​လေထဲမှာ လာပြီး ​လေထဲမှာပဲ ​ပျောက်သွားပါလိမ့်မယ်"ဟု နိုင်ငံ​ရေး​လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က​ပြောသည်​။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်​ကောင်စီက စစ်​ရေးအသုံးစရိတ်များ ပိုမို သုံးစွဲခဲ့ကာ လက်ရှိတွင်လည်း ယခုဘဏ္ဍာနှစ်အတွက် စစ်​ရေးအသုံးစရိတ်ကို ကျပ်ဘီလီယံ ၅၆၀၀ ​ကျော်အထိ တိုးမြှင့် ​သုံးစွဲလျက်ရှိသည်။

တစ်ဖက်တွင်လည်း အမျိုးသားညီညွတ်​ရေးအစိုးရ NUGကယခု ၂၀၂၃ ခုနှစ်ကို ​တော်လှန်​ရေးအဆုံးအဖြတ်နှစ်အဖြစ် သတ်မှတ်ထားသည်။

ပြီးခဲ့သည့်နှစ်နှစ်အတွင်း PDFနှင့် မဟာမိတ် တိုင်းရင်းသား​တော်လှန်​ရေးအဖွဲ့များ၏ စု​ပေါင်းစွမ်း​ဆောင်ရည်ဖြင့် အနည်းဆုံး ရန်သူ့ အင်အား သုံး​သောင်းခန့်ကို သုတ်သင်နိုင်ခဲ့​ကြောင်း NUG ၊ ကာကွယ်​​ရေးဝန်ကြီးဌာနက ​မေလ ၅ရက်​နေ့က ထုတ်ပြန်​ပြောဆိုခဲ့သည်။

"ကျွန်​တော်တို့ ကြားရသ​လောက်ဆိုရင် ​မြေပြင်စိုးမိုးမှုမှာတိုင်းနဲ့ပြည်နယ် ခုနှစ်ခုမှာ PDF ​တွေက ​ဒေသအုပ်ချုပ်​ရေး၊ တရားစီရင်​ရေးကိစ္စ​တွေကို သူတို့က လှုပ်ရှား​နေတဲ့ အ​နေအထားဖြစ်ပြီး စစ်​ကောင်စီရဲ့ လုံခြုံ​ရေးတပ်​တွေက​တော့ သူတို့ ကင်းစခန်း​တွေမှာပဲ ဝပ်​နေရတယ်ဆိုတဲ့ သတင်း​တွေက အဆက်မပြတ်ရနေပါတယ်။ အဲ့ဒီ အ​ခြေအ​နေမှာ ဗိုလ်ချုပ်မှူးကြီး မင်း​အောင်လှိုင်​ပြောတဲ့ PDF ​တွေကို အပြုတ်တိုက်မယ့်ကိစ္စက ရမှာ မဟုတ်ဘူး"ဟု ဦးသန်းစိုးနိုင်က​ပြောသည်။

ယခုနှစ်အတွင်း စစ်​ကောင်စီနှင့် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ ပိုမိုဖြစ်ပွားလာပြီး ပထမသုံးလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲ​ပေါင်း ၆၈၀ ​ကျော်တွင် တိုက်ပွဲ​ပေါင်း ၃၉၀ ​ကျော်မှာ စစ်​ကောင်စီနှင့် PDFများအကြား ဖြစ်ပွားခဲ့ခြင်းဖြစ်​ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒ​လေ့လာ​ရေးအင်စတီကျူ ISP Myanmarက ဧပြီလအတွင်းက ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly