ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း တည်ရှိရာ နဘုလယ်ဒေသကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်

By ကိုရွှေမြိတ် (မဇ္ဈိမ)
14 May 2023
ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း တည်ရှိရာ နဘုလယ်ဒေသကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း တည်ရှိရာ နဘုလယ်ဒေသကို ယနေ့ မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များထံက သိရသည်။

နဘုလယ်ဒေသသို့ ယနေ့ နံနက်ပိုင်း စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီ စစ်ကြောင်းနှင့် ဒေသ အခြေပြု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ကြား နှစ်ဖက် တိုက်ပွဲ ဖြစ်နေရာမှ စစ်ကောင်စီက လေကြောင်း အကူဖြင့် လာရောက် တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ရေဖြူမြို့နယ် အခြေစိုက် PDF ရဲဘော် တစ်ဦးက“တိုက်ပွဲက ဒီနေ့ မနက်က ဖြစ်နေတာပါ။ နှစ်ဖက် ပစ်ခတ်မှုတွေ ရှိနေချိန်မှာ လေကြောင်းနဲ့ လာရောက် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်တယ်”ဟု ပြောသည်။

နဘုလယ်ဒေသို့ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုမှာ ယခုအကြိမ်သည် ပထမ အကြိမ်ဖြစ်ပြီး ထိခိုက် သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း ဒေသခံ သတင်းရင်းမြစ်များထံက သိရသည်။

“အခု နှစ်ဖက် စစ်ရေး တင်းမာနေတဲ့ အတွက် ပျက်စီးမှုကို အတည် မပြုနိုင်သေးဘူး ။ နယ်မြေ ရှင်းလင်းနေရတုန်းပါ”လို့ PDF ရဲဘော် တစ်ဦးက ပြောသည်။

တနင်္သာရီစစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့ ပြန်ကြားရေးကလည်း ယနေ့ နံနက် ၈ နာရီ ၂၆ မိနစ်တွင် စစ်ကောင်စီ၏ ဂျက်လေယာဉ် တစ်စီး ထားဝယ် အထူးစီးပွားရေးဇုန် အနီး ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း၊ လေယာဉ်မှာ Jet Fighter အမျိုးအစားဖြစ်ပြီး မြိတ်လေ တပ်စခန်းမှ ပျံတက်လာကာ ဗုံးကြဲတို က်ခိုက်ခဲ့ပြီး နောက် မြိတ်ဘက်သို့ ပြန်လည် ပျံသန်းသွားကြောင်း သတင်း ထုတ်ပြန်ထားသည်။

Enemy Air Route Channel ကလည်း ယနေ့ မနက် မေလ ၁၄ ရက်နေ့ နံနက် ၈ နာရီ ၁၀ မိနစ် အချိန်တွင် မြိတ်လေတပ်စခန်းမှ Jet Fighter တစ်စင်း မြောက်ဘက်သို ဦးတည် ပျံတက်သွားကြောင်း ရေးသားဖော်ပြထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima

#ထားဝယ်အထူးစီးပွားရေးဇုန်

#လေကြောင်းမှဗုံးကြဲ တိုက်ခိုက်

#နဘုလယ်ဒေသ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly