ဂွမြို့နယ်တွင် လေပြင်းတိုက်ခတ်၍ နေအိမ် ၅၀ ကျော် ပျက်စီး

By ကိုရွှေမြိတ် (မဇ္ဈိမ)
14 May 2023
ဂွမြို့နယ်တွင် လေပြင်းတိုက်ခတ်၍ နေအိမ် ၅၀ ကျော် ပျက်စီး
Photos- ဂွမြို့နယ်တွင် ယနေ့ နံနက် ၆ နာရီတွင် လေပြင်းတိုက်ခတ်မှုအပြီး မြင်ကွင်း

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ရွှေဦးကွင်းကျေးရွာတွင် ယနေ့ မေလ ၁၄ ရက်နေ့ နံနက် ၆ နာရီအချိန်က လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အချို့ပျက်စီးသွားကြောင်း လူမှုကူညီကယ်ဆယ်ရေးအသင်းတခုမှ တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကို ပြောသည်။

ဂွမြို့နယ်တွင် အင်အားအလွန်ပြင်းထန်သည့် ဆိုင်ကလုန်မုန်တိုင်း “မုန်ခါ” အရှိန်ကြောင့် လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ လက်ရှိတွင် လူမူကူညီရေးအသင်းမှရရှိထားသည့်စာရင်းအရ ရွှေဦးကွင်းကျေးရွာတွင် နေအိမ် ၅၀ ကျော် ပျက်စီးသွားကြောင်း သိရသည်။

လေပြင်းတိုက်ခတ်မှုအတွင်း ထိခိုက်ဒဏ်ရာမှုနှင့်ပတ်သက်ပြီး ဆက်သွယ်အကြောင်းကြားလာခြင်း မရှိသေး ကြောင်း ဂွမြို့နယ် ထာဝရမေတ္တာနာရေးကူညီမှုအသင်း တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

“လူတွေတော့ ထိခိုက်တာ မရှိပါဘူးခင်ဗျား၊ လူတွေအကုန်လုံးက အန္တရာယ်ကင်းပါတယ်၊ ဓာတ်တိုင်တွေလဲတာ၊ အုန်းပင်တွေလဲတာတွေတော့ ရှိပါတယ်” ဟု ဂွမြို့နယ် ထာဝရမေတ္တာနာရေးကူညီမှုအသင်း တာဝန်ရှိသူက မဇ္ဈိမ ကို ပြောသည်။

ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”၏ ဗဟိုချက်သည် ယနေ့ မွန်းလွဲပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့နှင့် မြန်မာ နိုင်ငံကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန် ကြားမှုဦးစီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။

စာတည်း။ ။ နောင်နောင်

စာမူတည်းဖြတ်။ ။စောဖေ

#ရခိုင်ပြည်နယ်

#ဂွမြို့နယ်

#ရွှေဦးကွင်းရွာ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly