ပြည်တွင်းက တောင်ကိုရီးယားအထည်ချုပ်စက်ရုံများ အလုပ်သမားဥပဒေ ချိုးဖောက်မှုများစွာ ရှိနေ

ပြည်တွင်းက တောင်ကိုရီးယားအထည်ချုပ်စက်ရုံများ အလုပ်သမားဥပဒေ ချိုးဖောက်မှုများစွာ ရှိနေ

ပြည်တွင်းရောက် တောင်ကိုရီးယား အထည်ချုပ်ကုမ္ပဏီများသည် အလုပ်သမားဥပဒေကို ပိုမိုချိုးဖောက်မှုများရှိနေပြီး တောင်ကိုရီးယားအထည်ချုပ်စက်ရုံများ၏ ၃၀ ရာခိုင်နှုန်းနီးပါးတွင် အချိန်ပိုကြေးပေးခြင်းနှင့် ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများအပေါ်တွင်လည်း လိုက်နာခြင်းမရှိကြောင်း အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြထားသည်။

အချိန်ပိုအလုပ်ချိန်နှင့်ပတ်သက်ပြီး သီတင်းတစ်ပတ်လျှင် ၁၆ နာရီ သတ်မှတ်ထားမှုအပါအဝင် အလုပ်သမားရေးရာ စည်းမျဉ်းဥပဒေများအား တောင်ကိုရီးယားကုမ္ပဏီများ လာရောက်ဖွင့်လှစ်ထားသည့်   ပြည်တွင်းရှိ စက်ရုံများတွင် ချိုးဖောက်မှုများရှိနေကြောင်း မြန်မာရှေ့နေအဖွဲ့ဖြစ်သော Action Labor Rights အဖွဲ့က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြထားခြင်းဖြစ်သည်။

အဆိုပါ အထည်ချုပ်စက်ရုံ ၃၉ ရုံမှ အလုပ်သမား ၁၂၀၀ အား မေးမြန်းမှုအရ ၆၂ ရာခိုင်နှုန်းသော အလုပ်သမားများသည် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ ဘောင်အပြင်ဖက်ထက် ပိုကာ ကျော်လွန်ခိုင်းစေခြင်းများကို ငြင်းဆန်နိုင်ခြင်းမရှိကြောင်း၊ ၆၃ ရာခိုင်နှုန်း အလုပ်သမားများက ဘဝရပ်တည်ရေးအတွက် လုံလောက်သည့် ဝင်ငွေ မရရှိကြကြောင်း ယင်းအစီရင်ခံစာ၌   ဖော်ပြထားသည်။ ဖြည့်စွက်ဖော်ပြချက်အဖြစ် ၁၅ ရာခိုင်နှုန်းသောအလုပ်သမားများမှာ အချိန်ပိုခိုင်းစေခြင်းခံရသော်လည်း ထိုက်သင့်သည့်ငွေကြေး မရရှိကြကြောင်း ဖော်ပြထားသည်။

ဥပဒေစည်းမျဉ်းများအပေါ် မလိုက်နာမှုတစ်ရပ်အနေဖြင့်လည်း ကိုရီးယားစာ သို့မဟုတ် အင်္ဂလိပ်စာ များဖြင့် ရေးထားသော လစာဖြတ်ပိုင်းများကို ၃၀ ရာခိုင်နှုန်းသော အလုပ်သမားများက ရရှိကြောင်း၊ ကျန်းမာရေးဆေးခွင့် ရက် ၃၀ ကို ရရှိသည့် အလုပ်သမားနှုန်းထားမှာလည်း ၂၂ ရာခိုင်နှုန်းသာ ရှိကြောင်း မတ် ၂၅ ရက်က ထုတ်ပြန်ခဲ့သည့် အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။ စက်ရုံများ၏ ၆၂ ရာခိုင်နှုန်းသာ ဥပဒေစည်းမျဉ်းသတ်မှတ်ချက်အတိုင်း ထားရှိရမည့် အရေးပေါ်ဝင်ပေါက်ထွက်ပေါက်များ ထားရှိကြသော်လည်း လေးပုံတစ်ပုံမှာ အဆင့်မီခြင်း မရှိကြောင်းလည်း ဖော်ပြသည်။

ထိုပြင် ကလေးအလုပ်သမားများ ပိုပိုသာသာရှိနေကြောင်း အစီရင်ခံစာ၌ ကောက်ချက်ချသုံးသပ်ပြထားသည်။ အသက်မပြည့်သေးသော အလုပ်သမားများက ထုတ်၍ ပြောဆိုလျှင် အပြစ်ပေးခံရမည် စိုးရိမ်ကြခြင်းကြောင့် နှုတ်ဆိတ်ပြီး ပြောဆိုခြင်းမရှိကြသဖြင့် ကလေးအလုပ်သမားနှင့် ပတ်သက်ပြီး စစ်ဆေးတိုင်းတာ၍ မရရှိခဲ့ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly