တရုတ်က စစ်ပွဲအတွက်ပြင်ဆင်ရန် ကောလိပ်ကျောင်းသားများကို စုဆောင်းနေ

By Directus 
13 May 2023
တရုတ်က စစ်ပွဲအတွက်ပြင်ဆင်ရန် ကောလိပ်ကျောင်းသားများကို စုဆောင်းနေ

တရုတ်နိုင်ငံသည် စစ်ပွဲအတွက်ပြင်ဆင်ရန် အငြိမ်းစားစစ်သည်များအား ပြန်လည်စာရင်းသွင်းခြင်းနှင့် နည်းပညာမြင့်သင်တန်းဆင်း ကျွမ်းကျင် ကောလိပ်ကျောင်းသားများကို စုဆောင်းခြင်းအပါအဝင် စစ်မှုထမ်းခြင်းဆိုင်ရာ စည်းမျဉ်းအသစ်ကို မေလ ၁ ရက်တွင် စတင်အကောင်အထည်ဖော်လိုက်သည်။

ရှီကျင့်ဖျင်၏ စစ်မှုထမ်းစနစ်အသစ်သည် ပြည်တွင်းပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းရန် အရည်အချင်းရှိ စစ်သည်များကို စုဆောင်းရေးနှင့် အရံတပ်ဖွဲ့အင်အားဆိုင်ရာဥပဒေကို အကောင်အထည်ဖော်ရေးတို့ကို အလေးပေးထားသည်။

တပ်ဖွဲ့ဝင်အင်အား တိုးမြှင့်ရေးနှင့် ပတ်သက်၍ စည်းမျဉ်းအသစ်များတွင် အသက် ၁၈ နှစ် ပြည့်ပြီးသော အမျိုးသားများသည်  စာရင်းသွင်းရမည်ဟုဖော်ပြထားသည်။  ဆန္ဒအလျောက် တာဝန်ထမ်းဆောင်လိုသည့် သတ်မှတ်ချက်များနှင့် ကိုက်ညီသော အငြိမ်းစား စစ်မှုထမ်းများသည်လည်း ပြန်လည်စာရင်းသွင်းနိုင်ပြီး ၎င်းတို့အား မူလဌာန သို့မဟုတ် တူညီသော ရာထူးဖြင့် ဦးစားပေး စီစဉ်ပေးမည်ဖြစ်သည်။

အသစ်ပြန်လည်ပြင်ဆင်ထားသော စစ်မှုထမ်းခြင်းဆိုင်ရာ စည်းမျဉ်းများသည် အရည်အချင်းမြင့်မားသော စစ်သည်များအား ခန့်အပ်ရေးကို အလေးပေးရုံသာမက ကောလိပ်ကျောင်းသားများအား  စုဆောင်းခြင်းကိုလည်း အလေးပေးထားသည်။ အသစ်ပြန်လည်ပြင်ဆင်ထားသော စစ်မှုထမ်းခြင်းဆိုင်ရာ စည်းမျဉ်းများသည် တိုက်လေယာဉ်များနှင့် စစ်သင်္ဘောများပေါ်ရှိ လက်နက်များနှင့် ဂြိုဟ်တုများ၊ အာကာသဆိုင်ရာကိစ္စများအတွက် ကိုင်တွယ်လုပ်ဆောင်နိုင်စေရန်နှင့် ဆိုက်ဘာ၊ ဒရုန်းများ၊ သတင်းအချက်အလက်စစ်ပွဲနှင့် ထောက်လှမ်းရေးစစ်ပွဲများ ကဲ့သို့သော စစ်ပွဲအမျိုးအစားသစ်များအတွက် ပြင်ဆင်မှုများ ပြုလုပ်နိုင်စေရန် ဉာဏ်ရည်တု၊ နည်းပညာနှင့် အင်ဂျင်နီယာပညာရပ်ဆိုင်ရာတို့တွင် ကျွမ်းကျင်သော ကျောင်းသားများကို စုဆောင်းရန်  ရည်ရွယ်ထားကြောင်း Nikkei Asia က ဖော်ပြခဲ့သည်။ 

တရုတ်နိုင်ငံသည် ယမန်နှစ် ပထမနှစ်ဝက်က ကောလိပ်ကျောင်းသားများကို စစ်တပ်တွင်ပါဝင်ရေးအတွက် တိုက်တွန်းရန် အလေးထားလုပ်ဆောင်ခဲ့သည်။ ကောလိပ်နှင့် ဘွဲ့ရကျောင်းသားများအား တပ်ထဲသို့ဝင်ရောက်ရန် ဝါဒဖြန့်ချိမှုများ ပေါ်ပေါက်လာပြီး သိပ္ပံနှင့် အင်ဂျင်နီယာဘာသာရပ်များဖြင့် ကျောင်းပြီးထားသူများနှင့် စစ်ပွဲများအတွက်ပြင်ဆင်ရေးနှင့် တိုက်ခိုက်ရေးဆိုင်ရာ ကျွမ်းကျင်သူများကို ဦးစားပေးကာ စစ်တပ်သို့ ဝင်ခွင့်ပြုထားသည်။ 

တရုတ်က  စစ်မှုထမ်းခြင်းအား အရှိန်အဟုန်မြှင့်တင်နေမှုသည် အနီးကပ်စစ်ပွဲအတွက်မဟုတ်ဘဲ စစ်အတွက်ပြင်ဆင်ရန် လိုအပ်နေခြင်းကြောင့်ဖြစ်ကြောင်းနှင့် ရုရှား-ယူကရိန်းစစ်ပွဲတွင် ရုရှား၏ အသည်းအသန် တိုက်ပွဲရသော စစ်ပွဲသင်ခန်းစာများကို တရုတ်ကွန်မြူနစ်စစ်တပ်က သင်ခန်းစာယူခဲ့ကြောင်း တရုတ်နိုင်ငံရေးရာဝေဖန်သုံးသပ်သူ ကိုင်ဘိုက RFA သို့ ပြောသည်။ ကျေးလက်ဒေသနှင့်အထက်တန်းကျောင်းများမှ လူငယ်များကို စုဆောင်းသည့် သမားရိုးကျစစ်မှုထမ်းပုံစံသည် ခေတ်သစ်စစ်ပွဲ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် မလုံလောက်ပေ။ ထို့ကြောင့် အာဏာပိုင်များသည် ပညာအရည်အချင်းမြင့်မားသော လူငယ်များအား တပ်ထဲသွင်းရေး စည်းရုံးရန် အမျိုးသားရေးဝါဒကို အသုံးပြုရန် မျှော်လင့်ချက်ထားလာကြသည်။

တရုတ်ပြည်နယ်နှင့် မြို့ကြီးများတွင် မကြာသေးမီက အမျိုးသားကာကွယ်ရေး စည်းရုံးရေးရုံးများ ဖွင့်လှစ်လာခြင်းသည် ရေရှည် စစ်ရေးပြင်ဆင်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ယမန်နှစ် ဒီဇင်ဘာလမှစ၍  ပေကျင်း၊ ရှန်ဟိုင်း၊ ရှန်တုံ၊ ဖူကျန့်၊ ဟူနန်နှင့် အခြားအရေးပါသော ပြည်နယ်နှင့်မြို့ကြီးများတွင် အမျိုးသားကာကွယ်ရေး စည်းရုံးရေးရုံးများ ဖွင့်ပွဲကို ကျင်းပခဲ့ကြသည်။

တရုတ်နိုင်ငံသည် ၁၉၉၆ ခုနှစ်တွင် အကောင်အထည်ဖော်ခဲ့သော အရံအရာထမ်းဥပဒေ အစား မတ်လ ၁ ရက်က အရံဝန်ထမ်းဥပဒေကို အကောင်အထည်ဖော်ခဲ့သည်။ ဥပဒေဟောင်းနှင့် နှိုင်းယှဉ်ပါက ဥပဒေသစ်တွင် စစ်အင်အား တောင့်တင်းစေရေး ရှီကျင့်ဖျင်၏ အတွေးအမြင်ကို အကောင်အထည်ဖော်ရန်နှင့်  အရံတပ်ဖွဲ့အင်အားများသည် အမိန့်နာခံကာ စည်းကမ်းကို တင်းကြပ်စွာ လိုက်နာရမည်ဖြစ်ပြီး စွန့်လွှတ်အနစ်နာခံရန် မကြောက်ရွံ့ရ ဟု ယေဘုယျပြဌာန်းချက်များတွင် အယူဝါဒဆိုင်ရာ အသုံးအနှုန်းများကို ထည့်သွင်းထားသည်။ အရံတပ်ဖွဲ့ ဖြည့်တင်းထားသော အရေးပါသည့် ဌာနသည် တိုက်ပွဲဝင်ရန် အမြဲအသင့်ဖြစ်နေရမည်ဟု ဆိုသည်။

ထို့ပြင် နိုင်ငံတော်က စည်းရုံးရေးအမိန့်ထုတ်ပြီးနောက် သို့မဟုတ် နိုင်ငံတော်ကောင်စီနှင့် ဗဟိုစစ်ကော်မရှင်က ဥပဒေနှင့်အညီ  နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ စည်းရုံးအစီအမံများကို ချမှတ်ပြီးနောက် တပ်ဖွဲ့ဝင်များသည် အထက်၏ညွှန်ကြားချက်အတိုင်း လိုက်နာရမည်ဟု အရံဝန်ထမ်းဥပဒေအသစ်တွင် ပြဋ္ဌာန်းထားသည်။ အာဏာပိုင်များသည် အရံတပ်ဖွဲ့ဝင်များဆီ ဆင့်ခေါ်အမိန့် အလျင်အမြန်ထုတ်ပြန်လိုက်ပါက အကြောင်းကြားစာကို လက်ခံရရှိသူများသည် သတ်မှတ်ထားသည့်အချိန်အတွင်း သတ်မှတ်နေရာ၌ အစီရင်ခံအကြောင်းကြားရမည်ဟု ဆိုသည်။

စစ်ပွဲဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ တရုတ်သည် ပိုမိုအင်အားကြီးသော စစ်တပ်ကို မလိုအပ်ကြောင်း ကွန်မြူနစ်ပါတီ၏ စစ်ဘက်ရေးရာများနှင့်ကျွမ်းဝင်သော လေ့လာသုံးသပ်သူများကို ကိုးကား၍ VOA က ဖော်ပြသည်။ အရံတပ်ဖွဲ့ဌာနသည် ပြည်တွင်းရှိ စစ်မှုထမ်းဟောင်းများကို ထိန်းချုပ်ကာ စစ်ရေးထိန်းချုပ်မှုကို အကောင်အထည်ဖော်မည့် အလားအလာရှိသည်။ 

China Recruiting College Students to Prepare for War
Source: https://directus.gr/china-recruiting-college-students-to-prepare-for-war/
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required