KNU နယ်မြေများတွင် ဧပြီလအတွင်း စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၃၀၀ ကျော်ကျူးလွန်

By YT (မဇ္ဈိမ)
13 May 2023
KNU နယ်မြေများတွင် ဧပြီလအတွင်း စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၃၀၀ ကျော်ကျူးလွန်

ကရင်အမျိုးသားအစည်းအရုံး( KNU)၊ ကော်သူးလေ အုပ်ချုပ်နယ်မြေများတွင် ၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်း စစ်ကောင်စီတပ်က လူ့အခွင့်အရေးချိုးဖောက်မှု အကြိမ်ရေပေါင်း ၃၁၀ ထက်မနည်း ကျူးလွန်ခဲ့ကြောင်း KNU က ယနေ့ မေလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

" KNU အုပ်ချုပ်နယ်မြေများအတွင်း စစ်ကောင်စီတပ်များသည် နယ်မြေစိုးမိုးနိုင်ရေးအတွက် စစ်ရေးလှုပ်ရှားမှုများ ပိုမိုတိုးချဲ့ လုပ်ဆောင်လာပြီး လူ့အခွင့်အရေးချိုးဖောက်မှု အမြောက်အမြားကိုလည်း ကျူးလွန်လျက်ရှိသည်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဧပြီလအတွင်း ကော်သူးလေအုပ်ချုပ်နယ်မြေများတွင် အရပ်သားပစ်မှတ်များအား စစ်ကောင်စီတပ်က ကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုအကြိမ်ရေ ၃၁၀ ကျော်တွင် လေယာဉ်ဖြင့် ပစ်ခတ်ခြင်း၊ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ အကြောင်းမဲ့သေနတ်ဖြင့်ပစ်ခတ်ခြင်း၊ ရွာသားများအားဖမ်းဆီး၊ သတ်ဖြတ်ခြင်း အစရှိသဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုအမျိုးအစား ၁၁ မျိုးပါဝင်သည်။

စစ်ကောင်စီ​၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်း KNU နယ်မြေများတွင် နေထိုင်သည့် ဒေသခံပြည်သူ ၁၄ ဦးသေဆုံးခဲ့ရပြီး ၆၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ ဒေသခံ ၁၈ ဦး စစ်ကောင်စီတပ်​၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း KNU ကဆိုသည်။

ဒါ့အပြင် ဧပြီလအတွင်း စစ်ကောင်စီတပ်​​၏ ပြည်သူလူထုများအားပစ်မှတ်ထား၍ လူနေကျေးရွာများနှင့် လုပ်ကိုင်စားသောက်သော လုပ်ငန်းခွင်များအတွင်း လေကြောင်းမှ ဗုံးကြဲမှု၊ လက်နက်ကြီးပစ်ခတ်မှု၊ နေအိမ်များအား ဖျက်ဆီးမှုတို့ကြောင့် KNU နယ်မြေများရှိ ဒေသခံနေအိမ်ပေါင်း ၅၂၉ လုံးခန့် ပျက်စီးခဲ့ရပြီး ဘာသာရေးအဆောက်အအုံ ခြောက်လုံး၊ စာသင်ကျောင်း သုံးလုံး၊ ဆေးပေးခန်း နှစ်လုံးအပြင် ပြည်သူပိုင်အဆောက်အဦ ၁၃ လုံး ထိမှန်ပျက်စီးခဲ့ရကြောင်း ဖော်ပြထားသည်။ 

ထို့အပြင် စစ်ကောင်စီတပ်​၏ အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းခံရသူနှစ်ဦးရှိပြီး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရ၍ သေဆုံးခဲ့ရသည့် ဒေသခံ လေးဦးရှိကြောင်း ဖော်ပြထားသည်။ 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်း KNU အုပ်ချုပ်နယ်မြေများတွင် စစ်ကောင်စီတပ်​၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ဦးရေ ၄၀၀,၀၀၀ ကျော်အထိ ရှိနေပြီး ထိုစစ်ဘေးရှောင်များသည် စားနပ်ရိက္ခာမလုံလောက်မှု၊ အမိုးအကာ မလုံလောက်မှု၊ ဆေးဝါးမလုံလောက်မှု ပြဿနာများအား ကြုံတွေ့နေရပြီး ထိုစစ်ဘေးရှောင်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလိုအပ်နေကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required