မိုခါ ဆိုင်ကလုန်းမုန်တိုင်းမှာ ၂၀၀၈ နာဂစ်အမှားမျိုး ရှောင်ရှားရမည်

By မဇ္ဈိမ အယ်ဒီတာ့ အာဘော်
13 May 2023
မိုခါ ဆိုင်ကလုန်းမုန်တိုင်းမှာ ၂၀၀၈ နာဂစ်အမှားမျိုး ရှောင်ရှားရမည်

မြန်မာနိုင်ငံဟာ မိုခါ ဆိုင်ကလုန်းမုန်တိုင်းရဲ့ ခြိမ်းခြောက်မှုကို ကြုံရချိန်မှာတော့ ၂၀၀၈ က နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ကာလကထက် ကောင်းမွန်နေပါပြီ။
 

ဒီကနေ့မှာဆို ပိုမို ကောင်းမွန်တဲ့ ဆက်သွယ်ရေး၊ အရေးပေါ် လုပ်ထုံးလုပ်နည်းတွေနဲ့ ခြိမ်းခြောက်နေတဲ့ မုန်တိုင်း သတိပေးချက်တွေကို အချိန်နဲ့အမျှ သိနိုင်ဖို့ ပြည်သူအများစု လက်ထဲမှာ မိုဘိုင်းဖုန်းတွေ ရှိနေပြီ ဖြစ်ပါတယ်။ မိုးသည်းထန်ပြီး လေပြင်းတိုက်တာနဲ့အတူ လေတိုက်နှုန်း တစ်နာရီ မိုင် ၁၀၀ ရှိမယ့် ဆိုင်ကလုန်းမုန်တိုင်းတစ်ခုအတွက် နာဂစ်ကာလကလို မဟုတ်တော့ပါဘူး။
 

၂၀၀၈ တုန်းက မြန်မာအာဏာပိုင်တွေဟာ အမှားကြီး မှားခဲ့ကြပါတယ်။ နာဂစ်ဆိုင်ကလုန်းရဲ့ ခြိမ်းခြောက်မှုအကြောင်း ကြိုတင် သတိပေးရမယ့်အစား အာဏာပိုင်တွေဟာ နိုင်ငံရဲ့ ဒေသအများစုမှာ ပြည်သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းစေဖို့ မဆိုစလောက် ဒါမှမဟုတ် လုံးဝ ကူညီဆောင်ရွက်တာ မရှိခဲ့ပါ။ ဒီအတွက် အိမ်တွေ၊ လယ်မြေတွေ၊ ကျွဲနွားတိရစ္ဆာန်တွေ သေကျေပျက်စီးနှုန်းဟာ ကြီးမားခဲ့ပြီး ပြည်သူတွေ သေဆုံးနှုန်းဟာ ကြောက်ခမန်းလိလိ ၁၃၈,၃၇၃ ဦးအထိ ရှိခဲ့ပါတယ်။
 

ဒီကနေ့မှာတော့ အာဏာသိမ်း စစ်ကောင်စီ အာဏာပိုင်တွေ အပါအဝင် သက်ဆိုင်ရာ အားလုံးဟာ နောက်ထပ် ကြောက်မက်ဖွယ် သဘာဝဘေးတစ်ရပ်ကို တားဆီးနိုင်ရေးအတွက် ထဲထဲဝင်ဝင် ကူညီဖို့ လိုပါပြီ။
 

မိုခါဆိုင်ကလုန်းဟာ နာဂစ်ထက် ဖျက်ဆီးမှု နည်းမယ်ဆိုရင်တောင် စောင့်နေတာထက် ပြည်သူတွေကို ကာကွယ်ပေးရေး ထဲထဲဝင်ဝင် တုံ့ပြန်ဆောင်ရွက်ဖို့က ပိုကောင်းမှာ ဖြစ်ပါတယ်။
 

မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်အနီး ကုန်းတွင်းကို တနင်္ဂနွေနေ့မှာ ဝင်ရောက်လိမ့်မယ်လို့ အိန္ဒိယ မိုးလေဝသဌာနအရ သိရပါတယ်။ မိုခါဟာ တစ်နာရီကို လေတိုက်နှုန်း မိုင် ၁၈၀ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ မုန်တိုင်းကြောင်း မြေနိမ့်ကမ်းရိုးတန်းဒေသတွေမှာ ဒီလိုင်း ခြောက်ပေမှ ရှစ်ပေအကြား ထိုးတက်မယ်လို့ ယင်းဌာနက ခန့်မှန်းပါဝယ်။ ရခိုင်ပြည်နယ်က မြေနိမ့်ပိုင်း ကျေးရွာတွေက ပြည်သူတွေလည်း ဘေးကင်းရာဒေသတွေမှာ ခိုလှုံဖို့ ရွှေ့ပြောင်းနေကြပါပြီ။
 

ပြည်သူတွေအနေနဲ့ ဘယ်လိုတွေ တုံ့ပြန်သင့်ပါသလဲ။ မုန်တိုင်းကြီးတွေနဲ့ ဟာရီကိန်းတွေနဲ့ပတ်သက်ပြီး အမေရိကန် အကြံပေးတစ်ဦး ဆိုထားတာကတော့ သံသယရှိတယ်ဆို ဘာမှ လုပ်မနေပါနဲ့၊ ဘေးလွတ်ရာ ရွှေ့ပြောင်းပါ ဆိုတာပါပဲ။ တစ်နာရီ မိုင် ၁၀၀ နဲ့အထက် လေတိုက်နှုန်းရှိမယ့် ဟာရီကိန်းနဲ့ မုန်တိုင်းတွေနဲ့ ပတ်သက်ရင် သံသယကြောင့် အသက်နဲ့ ရင်းဖို့တော့ မထိုက်တန်ပါဘူး။ ဒီ မုန်တိုင်းတွေဟာ သေကျေပျက်စီးစေပြီး ဖျက်အားကြီးကြတာ ဖြစ်ပါတယ်။
 

နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဟာ မြန်မာ့သမိုင်းမှာ ဆိုးဝါးတဲ့ အမည်းစက်ပါပဲ။ နာဂစ်ကြောင့် ဒီ အဖြစ်ဆိုးမျိုး ထပ်အဖြစ်မခံဘူး ဆိုပေမယ့် အရေးပေါ် လုပ်ငန်းအစီအစဉ်တွေအတွက် အာဏာပိုင်တွေနဲ့ လူသားချင်း စာနာထောက်ထားရေး အကူအညီ ပေးသူတွေ ဘယ်လောက်ထိ ပြင်ဆင်ထားကြသလဲဆိုတာ မရှင်းလင်းပါ။
 

အာဏာပိုင်တွေနဲ့ လူသားချင်း စာနထောက်ထားရေး အကူအညီပေးသူတွေအနေနဲ့ ပြည်သူတွေကို ဘေးကင်းရာ ရွှေ့ပြောင်းပေးဖို့ အရင်းအမြစ်တွေ စုထားဖို့ လိုအပ်သလို လာတော့မယ့် ဖျက်ဆီးမှုပြင်း လူသားချင်း စာနာထောက်ထားရေး အကျပ်အတည်းအတွက် ပြင်ဆင်ကြရမှာပါ။ သက်ဆိုင်ရာအားလုံးဟာ အတူတကွ ဆောင်ရွက်ကြဖို့ လိုအပ်ပြီး သက်ရောက်နိုင်တဲ့ ပြည်သူတွေ ဘေးကင်းလုံခြုံရေးအတွက် စုပေါင်းအားထုတ်ကြရမှာ ဖြစ်ပါတယ်။
 

စောင့်ဆိုင်းနေတာထက် မုန်တိုင်း ဝင်လာမှာအတွက် အရှိန်မြှင့် ပြင်ဆင်ဖို့ ဒေသတွင်းနဲ့ နိုင်ငံတကာအဆင့်ကို အားချင်း တိုက်တွန်းရမှာပါ။
 

အရေးကြီးတဲ့ အချက်ကတော့ ဆိုင်ကလုန်း မိုချာမှာ ခြိမ်းခြောက်မှု နှစ်ရပ် ရှိနေပါတယ်။ ပထမကတော့ မုန်တိုင်းနဲ့အတူ လေပြင်းတိုက်တာ၊ မိုးကြီးတာ၊ ပင်လယ်ရေနဲ့ မြစ်ရေတွေ မြင့်တက်တာတွေရဲ့ အန္တရာယ်တွေက ပြည်သူတွေ၊ ကျွဲနွားတိရစ္ဆာန်တွေ၊ သန်းပေါင်းများစွာသော လူနေအိမ်တွေ အပါအဝင် အခြေခံအဆောက်အအုံတွေကို ခြိမ်းခြောက်နေတာပါ။ ဒုတိယကတော့ စားနပ်ရိက္ခာ၊ ရေ၊ ဆေးဝါးနဲ့ ခိုလှုံရာတွေ အပါအဝင် အရေးပေါ် အကူအညီတွေ ပေးနိုင်ဖို့အတွက် စိန်ခေါ်မှုပါပဲ။ ဒါတင်မက မိုခါ တိုက်ခတ်သွားပြီးနောက်မှာ နောက်ဆက်တွဲ ကြုံလာရမယ့် အသက်အန္တရာကို ခြိမ်းခြောက်နိုင်တဲ့ ပျက်စီးမှုကို တားဆီကာကွယ်ရေးကလည်း အရေးကြီးပါတယ်။
 

နာဂစ်တုန်းက ဒါတွေကို တုံ့ပြန်ဖို့ ပျက်ကွက်ခဲ့တာကို မေ့ပစ်လို့ မဖြစ်ပါ။
 

အခုအချိန်မှာတော့ မျှော်လင့်ချက် ပျပျ ရှိနေပေမယ့် ကယ်ဆယ်ရေး အားထုတ်မှုတွေ ဘယ်လောက်ထိ ဆောင်ရွက်ထားသလဲဆိုတာ သက်သေပြရမှာပါ။ မြန်မာ လူသားချင်း စာနာထောက်ထားရေး အရေးပေါ် တုံ့ပြန်ခြင်း ပြင်ဆင်ဆောင်ရွက်မှု အစီအစဉ်ဟာ အခု သီတင်းပတ်မှာ တစ်နိုင်ငံလုံးအနှံ့ စတင်အသက်ဝင်ပြီလို့ ကုလသမဂ္ဂ OCHA အရ သိရပါတယ်။ လူသားချင်း စာနာထောက်ထားရေး အဖွဲ့အစည်းတွေ အထူးသဖြင့် ရခိုင်က အဖွဲ့အစည်းတွေဟာ သူတို့ရဲ့ ကြိုတင်ပြင်ဆင်ရေး အားထုတ်မှုတွေကို အရှိန်မြင့် ဆောင်ရွက်နေပါတယ်။ အနောက်မြောက်ပိုင်းမှာလည်း ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်။ အကူအညီ လိုအပ်သူတွေဆီ အချိန်ကိုက် နှောင့်နှေးခြင်းမရှိဘဲ အကူအညီတွေ ပေးပို့နိုင်ဖို့ သက်ဆိုင်ရာ အားလုံးနဲ့ ချိတ်ဆက်ဆောင်ရွက်နေကြောင်း OCHA က ပြောပါတယ်။
 

ဆိုင်ကလုန်း မဝင်ရောက်ခင်မှာတောင် ရခိုင်နဲ့ အနောက်မြောက်ပိုင်းမှာ လူသားချင်း စာနာထောက်ထားရေး အကူအညီ လိုအပ်နေသူတွေ ခြောက်သန်းလောက် ရှိနှင့်ထားပြီး နေရပ်ရွှေ့ပြောင်းရသူပေါင်း ၁ ဒသမ ၂ သန်း ရှိပါတယ်။ ဒါကြောင့် ဆိုင်ကလုန်းနဲ့ နောက်ဆက်တွဲ ရေကြီးမှုတွေကို တင်းပြည့်ကျပ်ပြည့် တုံ့ပြန်နိုင်ဖို့ ရန်ပုံငွေ အားချင်း ဖြည့်တင်းမှုက အရေးပေါ် လိုအပ်နေကြောင်း OCHA က ထောက်ပြပါတယ်။
 

အကြီးစား အရေးပေါ် တုံ့ပြန်မှုအတွက် ပြင်ဆင်နေကြောင်း ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP က ပြောပြီး ဖြစ်လာနိုင်တဲ့ အရေးပေါ် အစီအစဉ်တွေ၊ စားနပ်ရိက္ခာနဲ့ ကယ်ဆယ်ရေး အထောက်အပံ့တွေ၊ ယာဉ်တွေနဲ့ အရေးပေါ် ပစ္စည်းတွေကို ပြင်ဆင်ထားတယ်လို့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ရခိုင်နဲ့ အနီးနား နယ်မြေတွေက ပြည်သူ ၄၀၀,၀၀၀ ကျော်ရဲ့ လိုအပ်မှုကို လွှမ်းခြုံနိုင်ဖို့ WFP မှာ လုံလောက်တဲ့ စားနပ်ရိက္ခာ ပြင်ဆင်ထားပါတယ်။ သယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးတွေ အခက်အခဲ တွေ့မှာကို ကြိုတင်မှန်းဆပြီး WFP အဖွဲ့ဟာ ဆိုင်ကလုန်းမုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်တာနဲ့ တုံ့ပြန်မှုတွေအတွက် ကျယ်ပြန့်တဲ့ လူသားချင်း စာနာထောက်ထားရေးစနစ်ကိုလည်း ဖော်ဆောင်ထားပါတယ်။
 

အစားအစာ၊ ဆေးဝါးနဲ့ ခိုလှုံရာတွေကို လက်ဆင့်ကမ်းနိုင်ဖို့မှာ ဆက်သွယ်ရေးက အရေးကြီးပါတယ်။ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကို တုံ့ပြန်ရေးမှာ မရှိမဖြစ်ကတော့ သတင်းအချက်အလက် ပွင့်လင်းမြင်သာမှု ရှိရေးနဲ့ မြန်မာပြည်သူနဲ့ နိုင်ငံတကာ အသိုင်းအဝန်းဆီ အကျိုးရှိရှိ သတင်းတင်ဆက်နိုင်ရေးပဲ ဖြစ်ပါတယ်။ ဖြစ်ထွန်းမှုတွေနဲ့ အဓိက စိန်ခေါ်မှုတွေကို မီးမောင်းထိုးပြတဲ့ သတင်းဖော်ပြချက်တွေက မရှိမဖြစ်ဘဲ ဖြစ်ပေမယ့် ပြည်သူတွေကို မလိုလားအပ်ဘဲ ကြောက်ရွံ့စေမယ့် ဒါမှမဟုတ် သတင်းမှားတွေကို ခွင့်ပြုပြီး လူမှုမီဒီယာနယ်ပယ်ကို ညစ်နွမ်းစေတာမျိုးတော့ မဖြစ်သင့်ပါဘူး။

မိုခါ ဆိုင်ကလုန်းမုန်တိုင်းဟာ ကျွန်တော်တို့ရဲ့ အိမ်တံခါးဝဆီ ရောက်နေပါပြီ။ ကျွန်တော်တို့တွေ လုံလုံလောက်လောက် ပြင်ဆင်ထားပါရဲ့လား။
 

As Cyclone Mocha barrels towards Myanmar, avoid the 2008 Nargis mistakes

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required