ဆိုင်ကလုန်းမုန်တိုင်း "မိုခါ" အရေးပေါ်တုံ့ပြန်ရေးအတွက် NUG မှ အမေရိကန်ဒေါ်လာ ၁ သန်း မ တည်မည်

By ရွှေနွယ်(မဇ္ဈိမ)
13 May 2023
ဆိုင်ကလုန်းမုန်တိုင်း "မိုခါ" အရေးပေါ်တုံ့ပြန်ရေးအတွက် NUG မှ အမေရိကန်ဒေါ်လာ ၁ သန်း မ တည်မည်

အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ" (MOCHA) အရေးပေါ်တုံ့ပြန်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာကူညီရေးနှင့် ဘေးအန္တရာယ်တုံ့ပြန်ရေးကော်မရှင် အစည်းအဝေးကို ယနေ့ မေလ ၁၃ ရက်နေ့ နံနက် ၈နာရီ ၃၀ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးမှတစ်ဆင့် ဆိုင်ကလုန်းမုန်တိုင်းအရေးပေါ်တုံ့ပြန်ရေးအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ တစ်သန်း မတည် ဆောင်ရွက်ရန်ဆုံးဖြတ်ချက်ချခဲ့သည်။

အဆိုပါအစည်းအဝေးမှ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ (EOCC) ကို ဖွဲ့စည်းအတည်ပြုခဲ့ပြီး ဆိုင်ကလုန်းမုန်တိုင်း အရေးပေါ်တုံ့ပြန်ရေးအတွက် ရန်ပုံငွေ အမေရိကန် ဒေါ်လာ တစ်သန်း မ တည် ဆောင်ရွက်ရန် ၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် မုန်တိုင်းဒဏ်တုံ့ပြန်ရေးအတွက် အရေးပေါ်ရန်ပုံငွေအဖြစ် အခွန်ကောက်ခံရရှိငွေ၏ ၁၀% မှ သုံးစွဲရန်နှင့် နိုင်ငံတကာအကူအညီများရရှိရေးနှင့် NUG မူဝါဒ‌ ကြေညာချက်ထုတ်ပြန်ရေးအတွက် EOCC ၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်ရန်တို့အပါအဝင် မုန်တိုင်းနှင့်ပတ်သက်သော လုပ်ငန်းစဉ်ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြသည်။

အဆိုပါအစည်းအဝေးသို့ လူသားချင်းစာနာကူညီရေးနှင့် ဘေးအန္တရာယ်တုံ့ပြန်ရေးကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ကော်မရှင် ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် အခြားသော ပြည်ထောင်စုဝန်ကြီးများ၊  လူသားချင်းစာနာထောက်ထားရေးနှင့် မုန်တိုင်းသက်ရောက်နိုင်သည့် ပြည်နယ်၊ တိုင်းများရှိ အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လက်ရှိတွင် ဆိုင်ကလုန်းမုန်တိုင်း အဓိကဝင်ရောက်မည့် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဒေသခံများ ဘေးလွတ်ရာသို့တိမ်းရှောင်နေကြသည်။

ယခု "မိုခါ" မုန်တိုင်းကဲ့သို့ပင် အင်အားပြင်းထန်သော ၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့သည့် နာဂစ် ဆိုင်ကလုန်းမုန်တိုင်းသည် လူအသေအပျောက် စုစုပေါင်း ၁၃၈,၃၅၅ ဦးအထိဖြစ်စေခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး $၁၀ ဘီလီယံ အထိရှိခဲ့သည်။

နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်စဉ်က သတင်းအချက်အလက်မျှဝေချိန်နှောင့်နှေးခြင်း သတင်းပျံ့နှံ့မှုနှေးကွေးခြင်းတို့ကြောင့် ဒေသခံများတိမ်းရှောင်ချိန်မရလိုက်သည့်အတွက် ထိခိုက်သေဆုံးပျက်စီးမှု အများအပြားဖြစ်ပေါ်ခဲ့သော်လည်း ယခု "မိုခါ" ဆိုင်ကလုန်းမုန်တိုင်းဖြစ်စဉ်တွင် သတင်းအချက်အလက်မျှဝေမှု မြန်ဆန်ခြင်းနှင့် ဒေသခံများ အချိန်မီပြောင်းရွှေ့နေခြင်းများကြောင့် ထိခိုက်ပျက်စီးမှုနည်းစေရန် ပြည်သူများမှလည်း မျှော်မှန်းထားကြသည်။

ရခိုင်ပြည်နယ်တွင် မုန်တိုင်းအဓိကထိရောက်မည့်နေရာများတွင် နေထိုင်ကြသော ဒေသခံများ၏ ရွှေ့ပြောင်းရေးအား လက်ရှိတွင် ရခိုင့်တပ်တော် (AA)  မှလည်း များစွာ ဦးစီးဦးဆောင်ပြုကူညီနေသကဲ့သို့ ဒေသတွင်း လူမှုကူညီရေးအဖွဲ့အစည်းအသီးသီးမှလည်း ကူညီဆောင်ရွက်လျက်ရှိကြသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly