ဆိုင်ကလုန်းမုန်တိုင်း မတိုက်ခင်၊ တိုက်ချိန်နဲ့ တိုက်ပြီးနောက် ဘာတွေ လုပ်ရမလဲ

By India Study Channel
13 May 2023
ဆိုင်ကလုန်းမုန်တိုင်း မတိုက်ခင်၊ တိုက်ချိန်နဲ့ တိုက်ပြီးနောက် ဘာတွေ လုပ်ရမလဲ

ကမ္ဘာ့ကမ်းရိုးတန်းဒေသတွေမှာ နှစ်စဉ်ဆိုသလို အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးရမှုတွေ ကြီးကြီးမားမား ဖြစ်ရပါတယ်။

ဆိုင်ကလုန်းတွေဟာ လေဖိအားနည်း ရပ်ဝန်းရဲ့ အလယ်ဗဟို တစ်ဝိုက် တိုက်ခိုက်တဲ့ လေတွေကြောင့် ဖြစ်ရတဲ့ အကြီးစား မုန်တိုင်းတွေပါပဲ။

အီကွေတာအနီး ပူနွေးတဲ့ ပင်လယ်ရေပြင်တွေမှာ ဆိုင်ကလုန်းမုန်တိုင်းတွေ ဖွဲ့တည်ပါတယ်။

ကမ္ဘာ့မြောက်ဘက်ခြမ်းမှာ တိုက်ခိုက်တဲ့ လေက နာရီပြောင်းပြန် လှည့်ပတ်ပြီး တောင်ဘက်ခြမ်းမှာတော့ နာရီလက်တံအတိုင်း တိုက်ခတ်ပါတယ်။

ဆိုင်ကလုန်းအဖြစ် ဖွဲ့တည်တဲ့ မုန်တိုင်းရဲ့ အလယ်ဗဟိုဟာ တိမ်ကင်းစင်ပြီး ဒါကို မုန်တိုင်းမျက်စိလို့ ခေါ်ပါတယ်။

ကမ္ဘာ့မိုးလေဝသဌာနအရ ဆိုင်ကလုန်းတွေကို အပူပိုင်း ဆိုင်ကလုန်းနဲ့ အပူလွန် ဆိုင်ကလုန်းဆိုပြီး အမျိုးအစား ခွဲထားပါတယ်။

မုန်တိုင်းရာသီ ကမ်းရိုးတန်းဒေသတွေမှာ ဆိုင်ကလုန်း မုန်တိုင်း မတိုက်ခင် ကြိုတင်ပြင်ဆင်ထားကြဖို့ လိုအပ်ပါတယ်။

ဆိုင်ကလုန်း မတိုက်ခတ်ခင် ကြိုတင်ပြင်ဆင်ရမှာကတော့

၁။ အိမ်ကို စစ်ဆေးပါ။ တံခါးတွေနဲ့ ပြတင်းပေါက်တွေကို ပြင်ဆင်ပါ။

၂။ အိမ်အနီး လဲကျနေတဲ့ သစ်ပင်၊ သစ်ကိုင်းတွေကို ဖယ်ရှားပါ၊ ဆိုင်ကလုန်းလေပြင်းမှာ လွင့်ပျံလာနိုင်တဲ့ အရာဝတ္ထုတွေကို ဖယ်ရှားထားပါ။

၃။ မီးအိမ်တွေ၊ ဓာတ်မီးတွေကို ပြင်ဆင်ထားပါ။

၄။ အရေးပေါ်အတွက် အစားအစာခြောက်တွေကို အသင့်ရှိပါစေ။

ဆိုင်ကလုန်း သတိပေးချက် ရရှိတဲ့ အချိန်မှာ လုပ်ရမှာတွေကတော့

၁။ ပြည်တွင်းသတင်းတွေနဲ့ သတိပေးချက်တွေကို နားထောင်ပါ။

၂။ သတင်းအချက်အလက်တွေကို ဖြန့်ဝေပါ၊ ကောလဟလတွေ မဖြန့်မိပါစေနဲ့။

၃။ အစိုးရ အာဏာပိုင်တွေက ညွှန်ကြားပြီဆိုရင် တံခါးတွေ၊ ပြတင်းပေါက်တွေကို သေချာပိတ်ပြီး ဘေးလွတ်ရာ ရွှေ့ပြောင်းပါ။

၄။ ဘေးလွတ်ရာ ရွှေ့ပြောင်းချိန်မှာ ရိက္ခာပို၊ မီးဖို၊ သောက်ရေ၊ ဓာတ်မီး၊ ဓာတ်ခဲ၊ ရေဒီယိုနဲ့ မရှိမဖြစ် ဆေးဝါးတွေကို သယ်သွားပါ။

၅။ မရွှေ့ပြောင်းခင်မှာ တစ်အိမ်လုံး main switch ချသွားပါ။

မုန်တိုင်း တိုက်နေချိန်အတွင်းမှာ ဘာတွေ ဆောင်ရွက်ရမလဲဆိုတော့

၁။ အသက်ကြီးသူတွေနဲ့ ငယ်သူတွေကို စောင့်ရှောက်ပါ။

၂။ မိသားစုအားလုံး တစ်စုတစ်စည်းတည်း ရှိပါစေ။

၃။ လျှပ်စစ်ပစ္စည်းအားလုံးကို ပိတ်ထားပါ။

၄။ အခန်းလွတ်ထဲမှာ နေပါ။

၅။ ရွေ့လျားနိုင်တဲ့ ပစ္စည်းပစ္စယတွေကို သေသေချာချာ စည်းနှောင်ထားပါ။

၆။ အိမ်နီးချင်းတွေကို ကူညီဖို့ ကြိုးစားပါ။ ဒါပေမဲ့ ဆိုင်ကလုန်း တိုက်နေချိန် အပြင်တော့ မထွက်ပါနဲ့။

မုန်တိုင်းပြီးနောက်မှာ

၁။ ဆိုင်ကလုန်းကြောင့် ရွှေ့ပြောင်းရသူတွေအနေနဲ့ နောက်ထပ် ညွှန်ကြားချက်တွေ မရမချင်း ဆက်နေနေပါ။

၂။ ဆိုင်ကလုန်းအပြီးမှာ ပြတ်ကျမယ့် မီးကြိုးတွေကို ဂရုစိုက်ပါ။

၃။ ဆိုင်ကလုန်းနောက်ပိုင်း မြွေနဲ့ အခြား တိရစ္ဆာန်တွေကိုလည်း သတိထားပါ။

၄။ ဆိုင်ကလုန်းအပြီး အိမ်အနီးဝန်းကျင်က အပျက်အစီးတွေနဲ့ တိရစ္ဆာန်အသေကောင်တွေကို ရှင်းလင်းပါ။

၅။ ဆုံးရှုံးမှုတွေကို မှန်မှန်ကန်ကန်နဲ့ တိတိကျကျ  အာဏာပိုင်တွေဆီ တင်ပြပါ။

အဆုံးသတ် အကြံပြုချင်တာက‌တော့ ဆိုင်ကလုန်းနဲ့ အခြား သဘာဝဘေးတွေမှာ ဘေးကင်းအောင် နေပါ။ ကြိုတင်ပြီး ပြင်ဆင်ထားသင့်သလို သတိမပြတ် ရှိနေရမှာ ဖြစ်ပါတယ်။ အိမ်နီးနားချင်းတွေကိုလည်း အချင်းချင်း ကူညီကြပါ။ အာဏာပိုင်တွေရဲ့ ညွှန်ကြားချက်ကို လိုက်နာပြီး ကောလဟလတွေ မဖြန့်မိဖို့ပါပဲ။

https://www.indiastudychannel.com/resources/172446-What-to-do-before-dur...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly