မိုခါမုန်တိုင်းကြောင့် စစ်တွေမြို့နေ ဒေသခံများ ဘေးလွတ်ရာ‌ နေရာများသို့  ရွှေ့ပြောင်း

By ဂျူချန်း (မဇ္ဈိမ)
13 May 2023
မိုခါမုန်တိုင်းကြောင့် စစ်တွေမြို့နေ ဒေသခံများ ဘေးလွတ်ရာ‌ နေရာများသို့  ရွှေ့ပြောင်း

ရခိုင်ပြည်နယ် ၊စစ်တွေမြို့ရှိ ဒေသခံများ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဘေးလွတ်ရာ‌ နေရာများသို့ ရွှေ့ပြောင်းနေကြကြောင်း ဒေသခံများထံမှ သိရသည်။

မိုခါ(Mocha) ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်မည်ဟူသည့် ခန့်မှန်းချက်များကြောင့် စစ်တွေမြို့မှ ဒေသခံများ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေကြပြီး အချို့မှာလည်း စားစရာများသိုလှောင်ကာ လုံခြုံမည်ဟု ယူဆရသည့် နေရာများတွင် ဆက်လက်နေထိုင်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

“လက်ရှိ မြို့ရဲ့လူဦးရေ သုံးပုံနှစ်ပုံလောက်ကတော့ မြို့ပြင်မှာ ခိုနေကြတယ်လို့ ကျနော်တို့ သုံးသပ်လို့ရပါတယ်။ မြို့ထဲက တချို့လူတွေပေါ့နော့် တချို့လူတွေက မိမိတို့အစီအစဉ်နဲ့ ရွှေ့ပြောင်းကြတဲ့ဟာရှိတယ်။ တချို့ကကျတော့ စစ်တွေမြို့ရဲ့ ကုန်းမြင့်ဒေသပေါ့။ အာကြက်ကုန်းဆိုတာ ရှိတယ်။ အဲ့ဒီမှာ ခိုင်မာတဲ့ ဘုန်းကြီးကျောင်းတွေရှိတယ်။ အဲ့ဒီဘုန်းကြီးကျောင်းတွေမှာ မြို့ထဲကလူတွေတချို့ အဲ့ဒီမှာ နေရာချထားတယ်။ လက်ရှိ ၁၅,၀၀၀ ပတ်ဝန်းကျင်လောက် အဲ့ဒီဘုန်းကြီးကျောင်းထဲမှာ လာရောက်ခိုလှုံလျက်ရှိပါတယ်” ဟု စစ်တွေမြို့တွင် မုန်တိုင်းရှောင်သူများအား ကူညီပေးနေသည့် ကိုဝေဟင်အောင်က ပြောသည်။

ယနေ့နံနက်ပိုင်းတွင် မုန်တိုင်းရှောင်မည့် ထောင်နှင့်ချီသည့် ဒေသခံများသည် စစ်တွေမြို့မှ အခြားမြို့သို့ ပြောင်းရွှေ့နေကြပြီး အချို့မှာ ကုန်းမြင့်ပိုင်းဒေသရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများတွင် ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။

“ကားတွေရာချီပြီးတော့ ပြောင်းနေကြတာတွေ့ရတယ်။ လက်ရှိ ၅၀,၀၀၀ လောက်က စစ်တွေမြို့ ဧရိယာမှာပဲ ရှောင်နေကြတာပေါ့။ ကုန်းမြင့်ဒေသပေါ့။ အာကြက်တော်ကုန်းလို့ ခေါ်ပါတယ်​။ အဲ့ဒီမှာ ဘုန်းကြီးကျောင်း တော်တော်များတယ်ပေါ့နော်။ အဲ့ဒီမှာ လူဦးရေ ငါးသောင်းလောက် ရှိမှာပါ””ဟု စစ်တွေမြို့မှဒေသခံ ဦးခိုင်ကောင်းစံ 
က မဇ္ဈိမကိုပြောသည်။

မုန်တိုင်းရှောင်ရာတွင် စုပေါင်းနေထိုင်ကြသူများမှ အချို့သည် ၎င်းတို့အစီအစဉ်ဖြင့် ချက်ပြုတ်စားသောက်သည်များရှိသကဲ့သို့ စုပေါင်း စားသောက်ကြသည်များလည်းရှိကြောင်း သိရသည်။

“အဲ့ဒီက ဘုန်းကြီးကျောင်း ၄၀လောက်ရှိတယ်။ လောလောဆယ်မှာတော့ အာလူးတွေ ဘာတွေလာလှူကြတာတော့ရှိတယ်။ ဒါပေမယ့် တော်တော်နည်းတယ်ပေါ့နော်” ဟု ဦးခိုင်ကောင်းစံက ပြောသည်။ လက်ရှိတွင် စစ်တွေမြို့၌ မိုးအုံ့ဆိုင်းနေကာ အချို့နေရာတွင် မိုးအနည်းငယ်ရွာသွန်းနေပြီး ကမ်းခြေဘက်တွင် လှိုင်းအနည်းငယ်ထန်နေကြောင်း ဒေသခံများထံမှ သိရသည်။

"ညတုန်းကတော့ လေနဲ့မိုးနဲ့ ၁၅မိနစ် မိနစ်၂၀လောက်တော့ ရွာသွားတယ်။ လေရောမိုးရော။ ပြီးတော့ ပြန်ငြိမ်ပြီး တစ်ညလုံးဘာမှ မဖြစ်တော့ဘူး။ ခုလောလောဆယ်တော့ ငြိမ်နေတယ်။ လှိုင်းကတော့ ပင်လယ်ဘက်ကမ်းမှာ လှိုင်းတော်တော်ရိုက်တယ်လို့ ပြောနေတယ်” ဟု စစ်တွေမြို့တွင်နေထိုင်သည့် အခြားဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ည ၁၂ နာရီခန့်တွင် စစ်တွေမြို့၌ မိုးနှင့် လေပြင်း ၁၅မိနစ်ခန့် တိုက်ခတ်ခဲ့ပြီး လက်ရှိတွင် စစ်တွေမြို့၌ လူသွားအလာ နည်းလာကာ ကုန်စုံဆိုင်အများစုလည်း ပိတ်သွားပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly