ဟင်္သာတမြို့ မီးရထားတိုင်းရုံးရှေ့ ဗုံးပေါက်ကွဲ၊ မီးရထားဝန်ထမ်း ၆ ဦးကို စစ်ကောင်စီဖမ်းဆီး

By မင်းထက် (မဇ္စျိမ)
13 May 2023
ဟင်္သာတမြို့ မီးရထားတိုင်းရုံးရှေ့ ဗုံးပေါက်ကွဲ၊ မီးရထားဝန်ထမ်း ၆ ဦးကို စစ်ကောင်စီဖမ်းဆီး
ဟင်္သာတဘူတာ(ပုံဟောင်း)

ဧရာဝတီတိုင်း၊ဟင်္သာတမြို့၊မီးရထားတိုင်း(၉)ရုံးရှေ့တွင် ယမန်နေ့ မေလ ၁၂ ရက် နံနက်က ဗုံးပေါက်ကွဲခဲ့ပြီး  မီးရထားဝန်ထမ်း ခြောက် ဦးကို စစ်ကောင်စီတပ်ကဖမ်းဆီးသွားသည်ဟု ဒေသခံများကပြောသည်။

ဟင်္သာတမြို့နယ်၊ ကနောင်စုရပ်ကွက်ရှိ မီးရထားတိုင်း(၉)ရုံးရှေ့တွင် မေလ ၁၂ ရက်နေ့ နံနက် ၉ နာရီခန့်က ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

" ပေါက်ပေါက်ချင်းပဲ တပ်နဲ့ရဲတွေရောက်လာပြီး လမ်းတွေပိတ်လိုက်တယ်။ဘယ်သူမှ အနားကပ်လို့မရတော့ဘူး။ကျွန်တော်ထင်တာ မီးရထားဝန်ထမ်းတွေက တပ်ကိုဖုန်းဆက်ခေါ်တာဖြစ်မယ်"ဟု ဒေသခံတစ်ဦးကပြောသည်။

ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်ဖွဲ့များနှင့် ရဲများရောက်ရှိလာပြီး မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးကို ထပ်မံတွေ့ရှိခဲ့သည့်အတွက် ဖြုတ်သိမ်းသွားသည်ဟု သိရသည်။

စစ်အုပ်စုအား ဦးတည်ပစ်မှတ်ထားသည့်အဆိုပါ ဖောက်ခွဲမှုကို ၎င်းတို့ ဖော်ဆောင်ခဲ့ခြင်းဟု  သင်္ဂါမဇိန PDF အဖွဲ့တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြော သည်။တိုက်ခိုက်မှုများ ထပ်မံပြုလုပ်ရန် စီစဥ်ခဲ့သော်လည်း စီစဥ်သည့်အတိုင်းဖြစ်မလာခဲ့သည့်အတွက်ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု ၎င်းက ဆိုသည်။

"ဗုံးတစ်လုံးဖောက်ခွဲပြီးတဲ့အချိန်မှာ တိုင်ပင်လွဲသွားလို့ကျွန်တော်တို့ ပြန်ဆုတ်ခဲ့တာပါ။ကျွန်တော်တို့ အားလုံးဘေးကင်းပါတယ်"ဟု ပြောသည်။

အဆိုပါဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရသူမရှိခဲ့ကြောင်း သိရသည်။ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ယခင်က CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး လက်ရှိတွင် အလုပ်ပြန်ဝင်နေသည့် မီးရထားဝန်ထမ်း ခြောက် ဦးကို စစ်ကောင်စီတပ်ကဖမ်းဆီးသွားသည်ဟု ဒေသခံများကပြောသည်။ ထို့အပြင် မြို့ခံအချို့ကိုလည်း ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၅ ရက် ည ၇နာရီခန့်က ဟင်္သာတမြို စစ်ဖက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့မှ တပ်ကြပ်ကြီး
အောင်ထိုက်(ခ)ရဲရင့်ကို မဟူရာတွေ့မရှောင် ဒေသကာကွယ်ရေးအဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ သေဆုံးခဲ့သည်။ထို့နောက်ပိုင်းတွင် စစ်ကောင်စီတပ်က မြို့တွင်း၌ ‌ခြေရှုပ်နေသည်ဟု  ‌မြို့ခံများကပြောသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly