စစ်တွေမြို့ မုန်တိုင်းဒီရေလှိုင်းအမြင့် ၇ပေ ကျော်ဝင်ရောက်နိုင်ကြောင်း သတိပေး

By ဂျူချန်း (မဇ္ဈိမ)
13 May 2023
စစ်တွေမြို့ မုန်တိုင်းဒီရေလှိုင်းအမြင့် ၇ပေ ကျော်ဝင်ရောက်နိုင်ကြောင်း သတိပေး
ဓါတ်ပုံ-KKS (စစ်တွေမြို့ကမ်းရိုးတန်းတစ်နေရာအား ယနေ့ မေ၁၃ ရက်နေ့၌တွေ့ရစဉ်)

ရခိုင်ပြည်နယ်မှ ကမ်းရိုးတန်းမြို့ဖြစ်သော စစ်တွေမြို့သို့ မုန်တိုင်းကြောင့် ဖြစ်ပေါ်လာမည့် ဒီရေလှိုင်း (Storm Surge)အမြင့် ၇ပေကျော်ခန့် ဝင်ရောက်လာနိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာန နှင့် ဥရောပသမဂ္ဂ(EU) နှင့် ကုလသမဂ္ဂ(UN)တို့က ဦးစီးလုပ်ကိုင်နေသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတိပေးချက်စနစ် GDACS က ထုတ်ပြန်ထားကြသည်။

စစ်တွေမြို့သို့ မုန်တိုင်း ဒီရေလှိုင်းဝင်ရောက်လာနိုင်သည့် အခြေအနေကို အိန္ဒိယမိုးလေဝသဌာနနှင့်GDACSအပြင် မိုးလေ၀သပညာရှင်များကလည်း လတ်တလော၌ အရေးပေါ် သတိပေးနေသည်။

“နာဂစ်မှာ လူတွေဒီလောက်အများကြီး သေရတာဟာ "လေပြင်း"ကြောင့်မဟုတ် "ရေပြင်း"ကြောင့်ပါ။ ရေပြင်းဆိုတာက တန်ပေါင်းများစွာ အလေးချိန်ရှိတဲ့ရေထုကြီးက မုန်တိုင်းဝင်တဲ့အချိန် ကုန်းပေါ်ကို မိုင် ၁၀၀ ကျော် အလျင်နှုန်းနဲ့ ဝင်လာတာကြောင့်ပါဘဲ။ ၁၀ ပေါင်တူကို ကိုင်ပြီး လက်မဝက်လောက်ရှိတဲ့ သံပြားကြီးကို အားနဲ့ထုလိုက်ရင် သံပြားကြီးချိုင့်ဝင်သွားတဲ့ အားထက်တောင် များပါဦးမယ်” ဟု မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ယနေ့မေလ ၁၃ရက် နံနက်အစောပိုင်းတွင် ၎င်း၏လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားသတိပေးထားသည်။

အဆိုပါ Strom Surge(မုန်တိုင်းဒီရေလှိုင်း) အမြင့် ၇ပေကျော်နှင့် လေတိုက်နှုန်း ၁နာရီမိုင် ၁၀၀ နှုန်းသည် ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်က ဧရာဝတီတိုင်းတွင် ဝင်ရောက်ခဲ့သည့် နာဂစ်မုန်တိုင်းနှင့် ပြင်းအားတူကာ အဖျက်စွမ်းအားကြီးသည်ဟု ပညာရှင်များက ပြောသည်။

မုန်တိုင်းဒီရေလှိုင်း ဝင်ရောက်နိုင်သည့် နေရာများအား အရောင်ဖြင့် ပြထားသည့်ပုံများကိုလည်း ဖော်ပြထားပြီး အဆိုပါပုံတွင်းရှိ အရောင်မဖုံးသည့်နေရာများသို့ မုန်တိုင်းဒီရေကို ရှောင်နိုင်ကြောင်း ဦးဝင်းနိုင်က အသိပေးထားသည်။

ရခိုင်ကမ်းရိုးတန်းတလျှောက်ရှိ နေရာအများစု မုန်တိုင်းဒီရေ ဝင်ရောက်နိုင်ပြီး ရသေ့တောင်၊ မောင်တော၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ မြေပုံ၊ ကျွန်းသာယာကျွန်း၊ ပေါက်တော၊ တောင်ကုတ်၊ မအီ၊ မြေငူကျွန်း စသည့် ဒေသများမှ ပြည်သူများ မုန်တိုင်းရှောင်ရန်လိုကြောင်း သတိပေးထားသည်။

မုန်တိုင်းဒီရေဆိုသည်မှာ မုန်တိုင်းတစ်ခု၏ အရှိန်ကြောင့် ပင်လယ်ရေမျက်နှာပြင်သည် ပုံမှန်ဒီရေ အမြင့်ထက် ပို မြင့်တက်လာမည့် အခြေအနေကို ဆိုလိုသည်။ မုန်တိုင်း‌ဒီရေသည် ကမ်းရိုးတန်းဒေသများတွင် မုန်တိုင်းကြောင့် တိုက်ခတ်သည့် လေပြင်းထက် အန္တရာယ်ပိုကြီးသည်ဟု ပညာရှင်များကသတိပေးသည်။

မေလ ၁၄ရက် နေ့လယ်တွင် မုန်တိုင်းဦးတည်ဝင်ရောက်နိုင်ကြောင်း သတိပေးထားသည့် ရခိုင်ပြည်နယ်၌ မုန်တိုင်းရှောင်ပြည်သူ အများအပြားရှိနေသည်။ရခိုင်ပြည်နယ် စစ်တွေမြို့မှ အခြားဘေးလွတ်ရာသို့ မုန်တိုင်းရှောင်ကြသူများရှိသကဲ့သို့ စစ်တွေမြို့ရှိ နီးစပ်ရာ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံအဆောက်အဦးများတွင် ပြောင်းရွှေ့နေထိုင်နေကြသူများလည်း ရှိကြောင်း ဒေသခံများထံမှ သိရသည်။

“ကယ်ဆယ်ရေးကားတွေလည်း ရှိတယ်။ စုပြီးငှားကြတဲ့ ကားတွေလည်း ရှိတယ်။ ဖရီးကား၊ ပရဟိတပုံမှန်ကားတွေရှိတယ်။ သွားကြတဲ့သူတွေ တော်တော်များများ ရှိတယ်။ ရွှေ့ပြောင်းထားတာတော့ ကားဝင်းထဲမှာရှိတဲ့ ရုံတွေ၊ ဓမ္မာရုံ ဘုန်းကြီးကျောင်းတွေမှာ ကျေးရွာသေးသေးလေးတွေက လာကြတယ်လို့ပြောတယ်” ဟု စစ်တွေဒေသခံတစ်ဦး ကပြောသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ် ။ ။ မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly