အမေရိကန်နိုင်ငံသားကို နိုင်ငံတော်လျှို့ဝှက်ချက်များ ခိုးယူမှုဖြင့် မြောက်ကိုရီးယား ဖမ်းဆီး

အမေရိကန်နိုင်ငံသားကို နိုင်ငံတော်လျှို့ဝှက်ချက်များ ခိုးယူမှုဖြင့် မြောက်ကိုရီးယား ဖမ်းဆီး

ပြုံယမ်း၊ မတ် ၂၆ ။           ။ တောင်ကိုရီးယားကို အထောက်အကူဖြစ်စေရန် အမေရိကန်နိုင်ငံသားတစ်ဦးက နိုင်ငံတော်လျှို့ဝှက်ချက်များ ခိုးယူခဲ့၍ ဖမ်းဆီးထားကြောင်း မြောက်ကိုရီးယားနိုင်ငံက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

အမေရိကန်နိုင်ငံသား ခံယူထားသူ အသက်  ၆၂ နှစ်ရှိ ကင်ဒေါင်ချူကိုယ်တိုင်က ဝန်ခံချက်ပေးကာ သူလျှိုလုပ်မှု၊ ခိုးယူမှုများအတွက် တောင်းပန်ကြောင်း သတင်းထောက်များကို ပြောခဲ့သည်။

ကင်က ၎င်းသည် အမေရိကန်နိုင်ငံသားတစ်ဦးဖြစ်ပြီး တောင်ကိုရီးယားတွင် မွေးဖွားခဲ့သူဖြစ်ကြောင်း၊ ပြီးခဲ့သည့်အောက်တိုဘာလအတွင်းက သူလျှိုလုပ်မှုဖြင့် အဖမ်းခံရခြင်းဖြစ်ကြောင်း ပြောသည်။

မြောက်ကိုရီးယားနိုင်ငံသည် ဖမ်းဆီးမိသည့် နိုင်ငံခြားသားများကို လူသိရှင်ကြား အပြစ်ဝန်ခံခိုင်းခြင်းများအား လုပ်ဆောင်တတ်သည့် နိုင်ငံဖြစ်သည်။

ကင်က သတင်းစာရှင်းလင်းပွဲ၌ ဝန်ခံပြောကြားရာ ၎င်းအား ၂၀၁၁ ခုနှစ်အတွင်းက တောင်ကိုရီးယားထောက်လှမ်းရေးများက သူလျှိုလုပ်ပေးရန် ချဉ်းကပ်စည်းရုံးလာခြင်းဖြစ်ကြောင်း မြောက်ကိုရီးယား KCNA သတင်းဌာနက ဖော်ပြသည်။

ကင်က သတင်းပေးရင်းမြစ်များထံမှ စစ်တပ်သတင်းနှင့် နျူကလီးယားလျှို့ဝှက်ချက်များ USB stick တစ်ချောင်းဖြင့် လက်ခံရရှိချိန်တွင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း KCNA သတင်းက ဖော်ပြသည်။

တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းတွင်မူ ကင်ကို အမေရိကန်ထောက်လှမ်းရေးများက တောင်ကိုရီးယားသူလျှိုများနှင့် ဆက်သွယ်ပေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

"ကျွန်တော်ရဲ့ မြောက်ကိုရီးယားဆန့်ကျင်တဲ့ အပြုအမှုများက အမေရိကန်ရဲ့ လှုံ့ဆော်မှုတွေကြောင့် ဖြစ်ပါတယ်။"ဟု ကင်က ပြောခဲ့သည်။

တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးဌာနက ကင်၏ အမှုသည် ၎င်းတို့နှင့် ပတ်သက်ခြင်းမရှိကြောင်း အေပီသတင်းသို့ ပြောသော်လည်း ထိုထက်ပို သတင်းပြောကြားခဲ့ခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly