အာဆီယံ၏ အားလုံးနှင့် ထိတွေ့ဆက်ဆံရေးသဘောထားကို ကြိုဆိုကြောင်း NUGပြော

By မိုးသောက် (မဇ္ဈိမ)
12 May 2023
အာဆီယံ၏ အားလုံးနှင့် ထိတွေ့ဆက်ဆံရေးသဘောထားကို ကြိုဆိုကြောင်း NUGပြော

အရှေ့တောင်အာရှနိုင်ငံများအသင်း(ASEAN)၏ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံသမ္မတ ဂျိုကိုဝီဒိုဒို က အာဆီယံထိပ်သီးအစည်းအဝေးအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သက်ဆိုင်သူအားလုံးနှင့် ထိတွေဆက်ဆံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် လူ့အခွင့်ရေးချိုးဖောက်မှုတွေကို လက်မခံဘဲ အာဆီယံကရရှိထားသည့် ဘုံသဘောတူညီချက် ငါးရပ်အရ စစ်ခေါင်းဆောင်အပါအဝင် အားလုံးနှင့်စကားပြောရန် အဆင်သင့်ရှိနေသည်ဟု ပြောကြားခဲ့ကြောင်း နိုင်ငံတကာသတင်းမီဒီယာများ၏ ဖော်ပြချက်အရသိရသည်။

ဥက္ကဋ္ဌ၏ပြောကြားချက်အပေါ်တွင် “ကျနော်တို့အနေနဲ့ အဲဒီဟာကိုကြိုဆိုပါတယ်။ ကျနော်တို့အစိုးရက ဒီထိတွေ့ဆက်ဆံမှုတွေ engagementတွေအတွက် အာဆီယံဖွဲ့တွေနဲ့ ဆက်ဆံဖို့ ဥက္ကဋ္ဌနဲ့ ထိတွေ့ဆက်ဆံဖို့ engagement လုပ်ဖို့အတွက် အဆင်သင့်ရှိတယ်” ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက မဇ္ဈိမသို့ပြောသည်။

လက်ရှိ အာဆီယံဥက္ကဋ္ဌနှင့်လည်း အမျိုးသားညီညွတ်ရေးအစိုးရသည် ထိတွေ့ဆက်ဆံမှုများရှိနေကြောင်း ၎င်းကဆက်ပြောသည်။

ပြီးခဲ့သည့် မေလ ၉ရက်နေ့ကနေ ၁၁ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ၊ လူဘန်ဘာဂျိုမြို့တွင် ကျင်းပခဲ့သည့် ၄၂ ကြိမ်မြောက် ထိပ်သီးအစည်းအဝေး စသည့်နေ့တွင်  မြန်မာ့အရေးကို အဓိကထားဆွေးနွေးခဲ့ကြပြီး အာဆီယံ၏ သံတမန်ယာဉ်တန်း တိုက်ခိုက်ခံခဲ့ရသည့် ရှမ်းပြည်နယ် ဆီဆိုင်ကိစ္စကို အကြောင်းပြုကာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုများ ရပ်တန့်ရန် တောင်းဆိုခဲ့ကြသည်။

သို့သော်လည်း အာဆီယံထိပ်သီးအစည်းအဝေးကျင်းပနေစဉ်အတွင်းတွင် စစ်တပ်သည် ပဲခူးတိုင်း ထန်းတပင်မြို့နယ် ညောင်ပင်သာကျေးရွာတွင် ကလေးငယ်များအပါအဝင် ဒေသခံ ၁၈ ဦးကို အစုအလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခဲ့သည်။

“အာဆီယံအဖွဲ့ကြီးရဲ့ထိပ်သီးအစည်းအဝေး နောက်ဆုံးရက်မှာ အဲလိုမျိုးလုပ်ပြတာ မထီလေးစားလုပ်တာ” ဟု ဦးကျော်ဇောက မှတ်ချက်ပြုသည်။

အာဆီယံအနေဖြင့် အကြမ်းဖက်မှုများနေ့စဉ်ရှိနေသည့် မြန်မာ့အရေးကိုဖြေရှင်းပေးရန်အတွက် ဘုံသဘောတူညီချက် ငါးရပ်ကို ပြီးခဲ့သည့် ၂၀၂၁ခုနှစ် ဧပြီလအတွင်းက စစ်ကောင်စီနှင့်သဘောတူ ချမှတ်ခဲ့ပြီးလက်ရှိအချိန်မှာ နှစ်နှစ်ကျော်လာပြီဖြစ်သော်လည်း ဘုံသဘောတူညီချက်များကို စစ်ကောင်စီဘက်က တစ်စုံတစ်ရာလိုက်နာခဲ့ခြင်းမရှိပေ။ အာဆီယံ၏အလှည့်ကျဥက္ကဋ္ဌကလည်း အဆိုပါအချက်ကို ထိပ်သီးအစည်းအဝေးတွင် ထောက်ပြခဲ့သည်။

အကြမ်းဖက်မှုများ နေ့စဉ်တိုးလာနေသည့် မြန်မာနိုင်ငံသည် ဒုက္ခသည်အရေအတွက်လည်း နေ့စဉ်တိုးလာနေပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီများလည်း လိုအပ်လျက်ရှိနေသည်။

အာဆီယံသည့် မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်နိုင်ရန်အတွက် ပထမဆုံးခရီးစဉ်အဖြစ် ရှမ်းပြည်နယ်ဆီဆိုင်မြို့သို့ သွားရောက်ခဲ့သော်လည်း ယာဉ်တန်းတိုက်ခိုက်ခံရသည့်အတွက် လှည့်ပြန်သွားခဲ့ရသည်။

အဆိုပါ တိုက်ခိုက်မှုသည် စစ်တပ်နှင့်ဆက်မှုရှိသည့် အဖွဲ့တစ်ခုက တိုက်ခိုက်ခဲ့သည်ဟု ကြားသိခဲ့ရပြီး ဘေးကင်းလုံခြုံစွာဖြင့်အကူအညီပေးရေးသည် အရေးကြီးကြောင်း NUGအပါအဝင် တော်လှန်ရေးအဖွဲ့ သုံးခုက ဆိုသည်။

ထို့ကြောင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို မြန်မာနိုင်ငံ၏ အနောက်နှင့်အရှေ့ဘက်တစ်လျောက်မှ ဝင်ရောက်ပြီး အကူအညီများပေးအပ်ရန်အတွက်လည်း ၎င်းတို့က အကြံပြုတိုက်တွန်းထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly