ပျူစောထီးများကို မိုင်းဆွဲတိုက်ခိုက်ပြီး ဆားတောင်ရဲစခန်းကိုလည်း ဒရုန်းဖြင့်တိုက်ခိုက်

By MTO (မဇ္စျိမ)
12 May 2023
ပျူစောထီးများကို မိုင်းဆွဲတိုက်ခိုက်ပြီး ဆားတောင်ရဲစခန်းကိုလည်း ဒရုန်းဖြင့်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် နယ်ကျွံလာသည့် ပျူစောထီးများကို မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ဆားတောင်ရဲစခန်းကို ဒရုန်းဖြင့်တိုက်ခိုက်ခြင်းများကို ဒေသကာကွယ်ရေးတပ်ဖွဲ့ များက လုပ်ဆောင်ခဲ့ကြကြောင်း ယင်းအဖွဲ့ များ၏ထုတ်ပြန်ချက်များအရ သိရသည်။

မေလ ၉ ရက်နေ့ တွင် ဆားတောင်ရဲစခန်းကို ဒရုန်းများဖြင့် ဗုံးသီး ခြောက်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ရဲတစ်ဦး သေဆုံးသွားကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ က ထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုအတွင်း ယူနီကွန်းအဖွဲ့ ၏ ဒရုန်းတစ်စီးမှာလည်း ဗုံးသီး ပြဿနာဖြစ်ပေါ်ကာ လေပေါ်တွင် ပေါက်ကွဲသွားသည့်အတွက် ဒရုန်းတစ်စီး ဆုံးရှုံးသွားကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ က ဆိုသည်။

ဆားတောင်ရဲစခန်းသည် ပြည်သူများကို နည်းမျိုးစုံဖြင့်ဒုက္ခပေးနေသည့် နေရာဖြစ်သည့်အတွက် ယင်းနေရာနှင့်ဝေးဝေး နေထိုင်ကြဖို့အတွက်ကိုလည်း ယူနီကွန်းအဖွဲ့ က ပြောဆိုထားသည်။

ယင်းအပြင် မေလ ၁၀ ရက်နေ့ မှာလည်း စစ်ကိုင်းမြို့နယ် အုန်းတော နှင့် ဆားတောင်အကြားတွင် အင်အား ၃၀ နီးပါး ပါဝင်သည့် ပျူစောထီးစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း နယ်စည်းမခြား စစ်ကိုင်းသား များအဖွဲ့က  ပြန်ကြားရေးတာဝန်ခံ ဗိုလ်တာနော က ပြောသည်.

၎င်းက “ အုန်းတော နဲ့ ဆားတောင်ကြားမှာပျူစောထီး အင်အား ၃၀ လောက်က နယ်မြေကျူးကျော်လာတာ ကျတော်တို့အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ် ခန့်မှန်း ငါးယောက်လောက်ကတော့ ထိခိုက်မှုရှိမယ်၊ သေဆုံးမှုကတော့ မသိရဘူး “ ဟု ပြောသည်။

တိုက်ခိုက်မှုအတွင်း မိုင်း ရှစ်လုံးဖြင့် မိုင်းပွိုင့် နှစ်ပွိုင့် မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် အပြန်အလှန် ပစ်ခတ်မှုလည်းဖြစ်ပွားခဲ့ကြောင်း ဗိုလ်တာနေက ဆိုသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို နယ်စည်းမခြားစစ်ကိုင်းသားအဖွဲ့ နှင့်အတူဆားတောင်မိုးကြိုးအဖွဲ့တို့ က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required