မြိုင်မှာ သရက်ကန်ပျူရွာကို ရိက္ခာလာပို့သည့်ကား မိုင်းဆွဲတိုက်ခိုက်ပြီး ရိက္ခာများကို သိမ်းယူ

By MTO (မဇ္စျိမ)
12 May 2023
မြိုင်မှာ သရက်ကန်ပျူရွာကို ရိက္ခာလာပို့သည့်ကား မိုင်းဆွဲတိုက်ခိုက်ပြီး ရိက္ခာများကို သိမ်းယူ

မကွေးတိုင်း၊ မြိုင်မြို့နယ် သရက်ကန်ပျူစခန်းသို့ ပခုက္ကူမှ  ရိက္ခာလာပို့သည့် ကားကို မေလ ၁၁ ရက်နေ့၌ သရက်ကန်နှင့် တွင်းမ အကြားတွင် ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ရာ ပျူ နှင့် စစ်သားများ ထိခိုက်ဒဏ်ရာရရှိပြီးနောက် ရိက္ခာများကို သိမ်းယူနိုင်ခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ မှ ခေါင်းဆောင်ဗိုလ်လက်ယာက  ပြောသည်။

၎င်းက “ ကားပေါ် ပါလာတဲ့သူ အားလုံးထိသွားတော့ ဒီကောင်တွေ ကားတွေနဲ့ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ကားတွေနဲ့အမြန် လာသယ်ပြီးတော့မှ ရိက္ခာကားကို ထားခဲ့တာ အဲ့ဒါနဲ့ ကျတော်တို့ ရိက္ခာတွေကို သိမ်းယူလိုက်ပြီး ကားတော့ မီးရှို့ လိုက်တယ်” ဟု ပြောသည်။

ကာကွယ်ရေးတပ်ဖွဲ့ များ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ယာဉ်ပေါ်ပါ ပျူစောထီးအဖွဲ့ ဝင် ခြောက်ယောက် မိုင်းထိမှန် ဒဏ်ရာများ ရရှိသွားပြီး သေဆုံးမှုအခြေအနေကိုတော့ အသေးစိတ်မသိရသေးကြောင်း ဗိုလ်လက်ယာ က ဆိုသည်။

မေလ ၁၁ ရက်နေ့  မနက်ပိုင်းတွင်လည်း သရက်ကန်ပျူစခန်းမှ ကင်းပုန်းဝပ်ရန်ထွက်လာသည့် ပျူစောထီးများကို သရက်ကန်ပျူစခန်း၏တောင်ဖက်တွင် မိုင်းဆွဲတိုက်ခိုက်ရာ ပျူစောထီး တစ်ဦးသေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဗိုလ်လက်ယာ က ပြောသည်။

၎င်းက “မနက် ၇နာရီခွဲ မှာ ကင်းပုန်းလာဝပ်တဲ့ ပျူတွေကို မိုင်းဆွဲလိုက်တာ တစ်ဦး သေပြီး အများအပြားဒဏ်ရာရသွားတယ်၊ ဒဏ်ရာရသွားတဲ့သူတွေကို ကားတွေနဲ့ လာသယ်သွားတယ်” ဟုပြောသည်.။

ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့တွင်လည်း အိုရင်းရွာမှ ထွက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက စောင့်ကြိုပစ်ခတ်ခဲ့သည့်အတွက် စစ်သား နှင့် ပျူ လေးဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required