ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

By ဂန္ဒမာ (မဇ္ဈိမ)
12 May 2023
ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဝန်းအတွင်းရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအား မေလ ၁၂ ရက် နံနက် ၄ နာရီ ၃၀မိနစ်ခန့်က ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

“ရန်ကုန်တိုင်းလွှတ်တော်ဝန်းထဲက စကစတပ်ခြေကုတ်ယူထားတဲ့အတွက် တိုက်ခိုက်ခဲ့တာပါ။ သူတို့ခြေကုတ်ယူထားတဲ့နေရာကို အဓိကပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပါ။ ပစ်မှတ်ကိုတော့ ရောက်အောင်ပစ်ခဲ့နိုင်ပါတယ်။ ထိခိုက်မှုကတော့ ဝန်းထဲမှာဖြစ်တဲ့အတွက် မသိပါဘူးခင်ဗျ။” ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ရန်ကုန်တိုင်း၊ အနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မဇ္ဈိမ ကို ပြောသည်။ 

မစ်ရှင်ပြုလုပ်ချိန်တွင်လည်း ရန်ကုန်တိုင်းလွှတ်တော်ဝန်းအနီးအနားရှိ ကလပ်များမှ ထွက်လာသည့် ကားနှင့်လူများကြောင့် မစ်ရှင်ကိုအပြီးထိဖော်ဆောင်နိုင်ခြင်းမရှိခဲ့ဘဲ ၄၀ မမ ဗုံးသီး သုံးလုံးပစ်ရန်ရည်ရွယ်ထားရာမှ တစ်လုံးသာ ပစ်ခတ်နိုင်ခဲ့ကြောင်း ဆိုသည်။ 

“ကလပ်သွားတာတွေ၊ စစ်ကောင်စီနဲ့ပတ်သက်တဲ့နေရာတွေ သွားတာတွေကို နောက်ပိုင်းဆင်ခြင်စေချင်ပါတယ်။ ထိသွားရင် ရေပေါ်ဆီတွေက ပြည်သူဆိုပြီး ဖြစ်ကြဦးမှာ။” ဟူ၍လည်း အနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ဆက်ပြောသည်။ 

ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းလွှတ်တော်ဝန်းတွင် စစ်ကောင်စီတပ်အစောင့်အကြပ်များရှိနေသော်လည်း ၎င်းတို့ အလစ်အငိုက်ကိုစောင့်၍ မစ်ရှင်ဖော်ဆောင်ခြင်းဖြစ်ပြီး ယနေ့တိုက်ခိုက်မှုအား အနောက်ပိုင်းခရိုင် ပကဖ တပ်ရင်း တပ်ခွဲ(၁) နှင့် စမ်းချောင်း ပကဖမှ ပူးတွဲဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required